ထိုင်းမှာ မြန်မာရွှေ့ပြောင်းကျောင်းတစ်ခု စစ်ဆေးခံရပြီး ဆရာမတစ်ဦးကို ဖမ်းဆီး
2024.10.07
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ခရိုင်က အုန်းခြံတစ်ခုမှာ မူလတန်း မြန်မာကလေးငယ် ငါးဆယ်ကျော် စာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆရာမတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းရောက်မြန်မာတွေက အောက်တိုဘာလ ၇ ရက်နေ့မှာ RFA ကိုပြောပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့က ထိုင်းပညာရေးဝန်ကြီးဌာနအပါအဝင် အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် မြန်မာဆရာမကို ဥပဒေနဲ့မညီတဲ့ အလုပ်လုပ်တယ်ဆိုပြီး ဖမ်းဆီးတာလို့ ဆိုပါတယ်။
ကျောင်းမှာရှိနေတဲ့ ကလေးတွေကိုတော့ အဲဒီနေ့မှာပဲ မိဘတွေကို ပြန်လာခေါ်ခိုင်းထားတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က RFA ကို ပြောပါတယ်။
"မူလတန်းကျောင်းလေးပါပဲ၊ လေးတန်းအထိ ရှိတယ်။ အဲဒီဝင်စစ်တဲ့နေ့မှာ ကလေးတွေကိုတော့ မိဘတွေကို လှမ်းခေါ်ပြီး ပြန်ခိုင်းတယ်ပေါ့။ ဆရာမ တစ်ယောက်ကတော့ လောလောဆယ် အချုပ်ထဲမှာ ရှိနေတယ်။ အလုပ်အကိုင်လွဲတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ တရားစွဲမယ်လို့ ထင်ရတယ်"
အဲဒီစာသင်ကျောင်းဟာ စာသင်ကြားပေးနေတာ တစ်နှစ်နဲ့ ရှစ်လရှိပြီလို့ ဆရာမရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ရမဲ့ အလုပ်ကလွဲပြီး တခြားအလုပ်လုပ်ကိုင်ရင် တရားစွဲဆိုခံရပြီး ဒဏ်ငွေ ဘတ် ငါးထောင်ကနေ ငါးသောင်းအထိ ပေးဆောင်ရပြီး ကိုယ်လာခဲ့တဲ့နိုင်ငံကို ပြန်ပို့ခံရမှာဖြစ်သလို အလုပ်လုပ်ခွင့်ပါမစ် နှစ်နှစ်အထိ ပိတ်ပင်ခံရနိုင်တယ်လို့ ထိုင်းအစိုးရက ဥပဒေ ပြဋ္ဌာန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ရွှေ့ပြောင်းကျောင်းတွေကို အာဏာပိုင်တွေက ဝင်ရောက်စိစစ်တာတွေ လုပ်နေလို့ မဖွင့်ရဲတော့တဲ့ ရွှေ့ပြောင်းကျောင်းတချို့လည်း ရှိနေပြီး စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့ ထိုင်းရောက်ပညာရေး အရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က "မေတ္တာရိပ်" အပါအဝင် မြန်မာစာသင်ကျောင်း ခြောက်ကျောင်းကို တရားမဝင်လို့ဆိုပြီး စက်တင်ဘာလ ပထမပတ်မှာ ထိုင်းအစိုးရက ပိတ်သိမ်းလိုက်ပြီးနောက် အဲဒီကျောင်းတွေက မြန်မာရွှေ့ပြောင်းကျောင်းသား နှစ်ထောင်ခန့် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ကျောင်းတည်ထောင်သူတွေနဲ့ ကျောင်းသားမိဘတွေက RFA ကို ပြောထားပါတယ်။