စစ်တွေမှာ ဒေသခံ ခုနစ်ဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2024.09.15
စစ်တွေမှာ ဒေသခံ ခုနစ်ဆယ်ခန့် ဖမ်းဆီးခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဝေဟင်မှ တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြားရပ်ကွက် အပါအဝင် ကမ်းနားလမ်းနဲ့ အနီးတစ်၀ိုက်က ဒေသခံ ခုနစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၅ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စားနပ်ရိက္ခာအပါအဝင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အရပ်သားတွေကို ဖမ်းဆီးခဲ့တာလို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြစ်ကမ်းနားပေါ့။ အဲဒီကနေ ပေါက်တောတို့၊ မြောက်ဦးတို့ကို ဝန်တွေချတယ်၊ ပစ္စည်းတွေ ချတယ်ပေါ့။ အဲဒီပစ္စည်းချတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ပစ္စည်းချတဲ့သူတွေရော၊ ရပ်ကွက်ထဲက သူတွေရော အကုန်လုံး ဖမ်းသွားတယ်။ မိန်းမတွေပါ ပါသွားတယ်"

ဖမ်းဆီးသွားသူတွေကို ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ သူက ပြောပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ ဖမ်းဆီးထားသူတွေကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာ ဒေသခံတွေ ဖမ်းဆီးခံရတဲ့ စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ကုန်စည်သယ်ယူခွင့်ကိုလည်း ကန့်သတ်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှု ပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စက်တင်ဘာလ ပထမပတ်အတွင်းကလည်း ကျောက်ဖြူမြို့နယ်အတွင်းက ရွာတွေကနေ တရားမဝင်ရိက္ခာသယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက စစ်ကောင်စီတပ်က စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရတဲ့ ဗျိုင်းဖြူရွာသား သုံးရာနီးပါးကိုလည်း အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေထောင်တွင်းအထူးတရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇ (၁) နဲ့ ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ အပါအဝင် သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့နယ် ခုနစ်မြို့နယ်ကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။