ရိုဟင်ဂျာဒုက္ခသည် ၇၀ ကျော် လပွတ္တာမှာ ဖမ်းဆီးခံရ
2023.08.04

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၇၂ ယောက် လိုက်ပါလာတဲ့ စက်လှေတစ်စီးကို ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဩဂုတ်လ ၄ ရက်နေ့က ဖမ်းမိတယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာနဲ့ လေးမိုင်ခန့်အကွာ ပင်လယ်ထဲမှာ ရိုဟင်ဂျာ အမျိုးသား ၆၇ ယောက်နဲ့ ရိုဟင်ဂျာ အမျိုးသမီး ငါးယောက် လိုက်ပါလာတဲ့ လှေတစ်စီးကို ဖမ်းမိခဲ့တာလို့ ရေးသားထားပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကို သွားဖို့ ထွက်လာတာဖြစ်ပြီး စက်ပျက်တာကြောင့် ပင်လယ်ထဲမှာ မျောနေတာ ငါးရက်ရှိပြီလို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
ကုတုပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုအောင်မြိုင်ကတော့ ဒီလူတွေဟာ သူတို့ဒုက္ခသည်စခန်းကနေ နေ့စဉ် သွားနေတယ်လို့ ပြောပါတယ်။
"ဒုက္ခသည်တွေဟာ နေ့စဉ် ထိုင်းနဲ့ မလေးရှားကို နည်းလမ်းပေါင်းစုံနဲ့ ထွက်သွားနေကြတာ၊ ထွက်ဖို့ပြင်တဲ့လူတွေလည်း အများကြီးပဲ၊ ဒီစခန်းထဲမှာ စားဝတ်နေရေးက မလုံလောက်ဘူး၊ အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိဘူး ၊ ဒါကြောင့် အားလုံးက ဒုက္ခသည်စခန်းမှာ မနေချင်ကြဘူး"
ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် ကလည်း ရိုဟင်ဂျာတွေဟာ မျှော်လင့်ချက်မဲ့နေတာကြောင့် မလေးရှားကိုထွက်ပြေးကြတာလို့ ပြောပါတယ်။
"စက်လှေနဲ့ ထွက်ပြေးတဲ့လူတွေက မြန်မာနိုင်ငံထဲ ဝင်ဖို့မဟုတ်ဘူး၊ သူတို့က မလေးရှားကို ဦးတည်သွားနေတာ၊ ဒါပေမဲ့ မြန်မာရေပိုင်နက်ကိုဖြတ်ကျော်သွားတဲ့အချိန်မှာ သူတို့ကိုဖမ်းတယ်၊ ခုဖမ်းဆီးခံရသူတွေလည်း ထောင် ငါးနှစ်လောက် အချခံရနိုင်တယ်"
ရိုဟင်ဂျာတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာ ခြောက်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေကနေ နယ်မြေသစ်ကိုရှာဖို့ ကြိုးစားရင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထောင်ချခံနေရပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုသွားရင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါးရှိပြီး အဲဒီအထဲက ရိုဟင်ဂျာ ငါးရာနီးပါးကတော့ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။