ဖားကန့်မှာ အမျိုးသားခုနစ်ဦး တည်းခိုခန်းမှာပိတ်ဆို့ဖမ်းဆီးခံရ

RFA Burmese
2023.05.26
Share on WhatsApp
Share on WhatsApp
ဖားကန့်မှာ အမျိုးသားခုနစ်ဦး တည်းခိုခန်းမှာပိတ်ဆို့ဖမ်းဆီးခံရ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းတစ်နေရာကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာက ဥရုခတည်းခိုခန်းမှာ တည်းခိုနေတဲ့ အမျိုးသား ခုနစ်ဦးကို KIA/KPDF နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေလ ၂၄ ရက်နေ့ ည ၁၂ နာရီက စစ်ကောင်စီတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ပြီး ဝင်ရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ၄၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ မေလ ၂၄ ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းပြီး ၂၅ ရက်နေ့၊ မနက် ၁၀ နာရီမှာ တည်းခိုခန်းကနေ ပြန်လည် ထွက်ခွာကာ အမျိုးသားခုနစ်ဦးကိုလည်း လက်ပြန်ကြိုးတုပ်ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကြောင်းက အဲဒီတည်ခိုးခန်းကို ဝင်စစ်တဲ့အချိန် ညမိုးချုပ်နေပြီ။ အဲလူငယ်တွေကို တွေ့ပြီး စစ်နေတော့တာပဲ။ နောက်နေ့မနက်မှ လူတွေကိုလည်း နောက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတာ။ ဖားကန့်မှာတော့ KIA/KPDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးတာ ကတော့ အတော်လေးကို ဆိုးရွားတဲ့ အခြေအနေရောက်နေပြီ"

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်ကြားလူငယ်တွေဖြစ်ပြီး လက်ရှိမှာ မဆွပ်ယန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အမည်တွေနဲ့ နေရပ်လိပ်စာကိုတော့ မသိရသေးပါဘူး။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) ရဲ့ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီတစ်လအတွင်း ဖမ်းဆီးခံရသူ ၃၇၃ ဦးထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။