မုံရွာမှာ ရှေ့နေသုံးဦး အဖမ်းခံရ၊ နှစ်ဦး ပျောက်နေ

2022.06.24
မုံရွာမှာ ရှေ့နေသုံးဦး အဖမ်းခံရ၊ နှစ်ဦး ပျောက်နေ ရှေ့နေ ဦးမိုးဇော်ထွန်းကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစလို့ NLD အစိုးရ တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ရဲ့ ရှေ့နေ ဦးမိုးဇော်ထွန်း အပါအဝင် ရှေ့နေသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ရှေ့နေနှစ်ဦးလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ် လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

ရှေ့နေ ဦးမိုးဇော်ထွန်းကို ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်က သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ရှေ့နေ ဦးသန်းထွန်းနဲ့ ရှေ့နေ ဦးအောင်ချမ်းမြေ့တို့ဟာလည်း အဲဒီရက်နဲ့ မရှေးမနှောင်းမှာဘဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရှေ့နေ ဦးမိုးဇော်ထွန်းဟာ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ရာဇသတ်ကြီးပုဒ်မ - ၅၀၅ နဲ့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ရှေ့နေ ဦးသန်းထွန်းဟာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ဖမ်းဆီးခံရသူတွေရဲ့အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။

ဦးအောင်ချမ်းမြေ့ကတော့ တရားရင်ဆိုင်နေရတဲ့ ပြည်သူတွေကို အခမဲ့ ဥပဒေအကြံ ပေးတာ၊ အခမဲ့ ရှေ့နေလိုက်ပေးတာတွေကို လုပ်ဆောင်နေသူလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

အခုလို ရှေ့နေတွေကို ဖမ်းဆီးတာဟာ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ အကျဉ်းထောင် ထဲမှာ ရောက်နေတဲ့သူတွေကို တရားဥပဒေလမ်းကြောင်းအရ မခုခံနိုင်အောင် ဖိအားပေးတဲ့သဘောမျိုးနဲ့ လုပ်ဆောင်တာလို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ခုနှစ် ဇွန်လလောက်ကစပြီး မုံရွာက ရှေ့နေတွေနဲ့ မုံရွာမှာဖွဲ့ထားတဲ့ ရှေ့နေကွန်ရက်တို့ ဘာတို့ကို အမှုတွေဆက်မလိုက်ဖို့ စစ်ကောင်စီက ဖိအားပေးတာတွေ ရှိတယ်။ အဓိကကတော့ ၅၀၅ အမှုတွေကိုပေါ့နော်။ ဒီရက်ပိုင်းအတွင်းတော့ သူတို့က ဖမ်းတာတွေ ဘာတွေကို လက်တွေ့လုပ်လာပြီ”

မုံရွာက အခြားရှေ့နေတချို့လည်း ဖမ်းဝရမ်းထုတ်ခံထားရတာတွေရှိတယ်လို့ သူက ဆိုပါတယ်။

အခု ဖမ်းဆီးခံလိုက်ရတဲ့သုံးဦးအပြင် အမျိုးသမီး ရှေ့နေတစ်ဦးနဲ့ အမျိုးသား ရှေ့နေတစ်ဦး တို့လည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရှေ့နေနှစ်ဦးကတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အခုဖမ်းဆီးခံရတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် လာတာ မတွေ့ရသေးလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်လည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ စွပ်စွဲခံထားရပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးမှုနဲ့ တရားစွဲခံထားရတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပါအဝင် ရှေ့နေစုစုပေါင်း ၂၃ ဦး အဖမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။