လောင်းလုံးမှာ သားအဖနှစ်ဦး PDF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံရ

RFA Burmese
2023.11.04
လောင်းလုံးမှာ သားအဖနှစ်ဦး PDF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာရွာဆိုင်းဘုတ်ကို တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာရွာမှာ နိုဝင်ဘာလ ၃ ရက်နေ့က အသက်မပြည့်သေးသူတစ်ဦးနဲ့ အဖေဖြစ်သူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ - ၁၀၄ စစ်ကြောင်းဟာ သဗျာရွာထဲကနေ ဖြတ်သွားချိန် မိသားစုသုံးဦးကို ဖမ်းဆီးခဲ့ပြီးနောက် အမေဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၁၆ နှစ် အရွယ်အမျိုးသမီးနဲ့ အဖေဖြစ်သူကို ဆက်ဖမ်းထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သဗျာရွာထဲကို စစ်ကောင်စီတပ်က ဝင်လာတာ။ အဲဒီတပ်က သူတို့အထိုင်တပ်ကို ပြန်မလို့ သဗျာရွာကိုဖြတ်တာ။ အဲဒီမှာ မိန်းကလေးတစ်ဦးက ဖုန်းပြောနေတာကို တွေ့ပြီး မိသားစုလိုက်ဖမ်းသွားတာ။ သူ့အမေကတော့ ပြန်လွတ်လာတယ်။ အဖေနဲ့ အဲဒီအမျိုးသမီးကတော့ လောင်းလုံးရဲစခန်းမှာ ဖမ်းထားတယ်"

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့အခါတိုင်း ဒေသခံ ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ မကြာခဏရှိနေတာလို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လောင်းလုံးမြို့က အင်အားငါးဆယ်ခန့်ပါ စစ်ကောင်စီတပ်သားတွေဟာ စမ်းလှမ်းရွာကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ရောက်နေတယ်လို့ ပြောပါတယ်။

ဒေသခံ သားအဖနှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၉,၆၅၀ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။