စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး ဖမ်းဆီးခံရ

RFA Burmese
2024.12.03
စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး ဖမ်းဆီးခံရ မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက်သုံးစွဲနေသည်ကို ၂ဝ၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
AFP

စစ်တပ်အာဏာသိမ်းကာလအတွင်း လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး (၁၈၄၀ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဒီဇင်ဘာ ၃ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ် (Facebook) အပြင် အခြားအွန်လိုင်း ပလက်ဖောင်းတွေဖြစ်တဲ့ TikTok၊ Telegram နဲ့ Viber တွေကနေတစ်ဆင့် ဝေဖန်ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီးခံရသူတွေထဲမှာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံအားပေးရေးသားမှုနဲ့ ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးတာနဲ့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေကလည်း အွန်လိုင်းပေါ်က ရေးသားမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးနိုင်အောင် အချက်အလက် ရှာပေးတာနဲ့ ဖမ်းဆီးဖို့ ဖိအားပေးတိုက်တွန်းတာတွေ ရှိနေတယ်လို့ Data for Myanmar က ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာတော့ အောက်တိုဘာလအထိ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် ဖမ်းဆီးခံရသူ အရေအတွက် ၃၅၁ ဦးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူအရေအတွက် အများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ဖြစ်ပြီး စုစုပေါင်း ၈၉၆ ဦး ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူအရေအတွက်ရဲ့ ၃၆ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Freedom House သတင်းလွတ်လပ်ခွင့်အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်း ကောက်ယူပြီး အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာမှာ မြန်မာနဲ့ တရုတ်နိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲစံချိန်တင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။