လက်နက်ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် ရန်ကုန်နဲ့ မန္တလေးက လူငယ် ၂၀ ကျော် အဖမ်းခံရ

RFA Burmese
2023.05.23
Share on WhatsApp
Share on WhatsApp
လက်နက်ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် ရန်ကုန်နဲ့ မန္တလေးက လူငယ် ၂၀ ကျော် အဖမ်းခံရ Royal Phoenix Guerilla Force - RPGF မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ရှစ်ဦးနှင့် ငွေကြေးထောက်ပံ့သူ ငါးဦးတို့ကို ဖမ်းဆီးထားကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားစဉ်။
Myanmar Military

စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ Royal Phoenix Guerilla Force - RPGF မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ရှစ်ဦး၊ သူတို့ကို ငွေကြေးထောက်ပံ့သူ ငါးဦး၊ စုစုပေါင်း ၁၃ ဦး ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီရဲ့ မေလ ၂၂ ရက်ထုတ် သတင်းစာတွေက ဖော်ပြပါတယ်။

အဖွဲ့ခေါင်းဆောင် ကိုပြည့်ငြိမ်းချမ်း၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ကိုချမ်းမြေ့ဦး၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇော်ထက်၊ ကိုဟိန်းထက်၊ ကိုဇော်ရဲထက်၊ ကိုအောင်ထွန်းမင်း၊ ကိုမင်းမင်းဦးနဲ့ ကိုသူရစိုး၊ သူတို့ကို ငွေကြေးထောက်ပံ့နေတဲ့ မဝင်းမာ၊ မခိုင်ခိုင်အောင်၊ ကိုရန်နောင်ဖြိုး၊ မသူဇာဝေနဲ့ ကိုအောင်ရဲကျော်တို့ကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ဒုတိယအဖွဲ့ခေါင်းဆောင် ကိုချမ်းမြေ့ဦးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က မန္တလေးမြို့မှာ စတင်ဖမ်းဆီးခဲ့ပြီး မေလ ၁၈ ရက်ကစလို့ ကျန်သူတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ မန္တလေးမြို့ပြ ပြောက်ကျား အဖွဲ့ဝင်တစ်ဦးကတော့ အဖွဲ့ဝင်တချို့ဖမ်းဆီးခံရတာမှန်ပေမယ့် အခု ဖမ်းထားတဲ့ ၁၃ ဦးထဲမှာ ဘာမှမသက်ဆိုင်တဲ့ အရပ်သားတွေ ပါဝင်နေတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။

"အခုအဖမ်းခံရတဲ့အထဲ မခိုင်ခိုင်အောင်ဆိုရင် အရပ်သားပါ၊ ပထမတစ်ခါ အဖမ်းခံရလို့ ၅၀၅-က နဲ့ ထောင်ကျပြီး ပြန်လွတ်လာတာ မကြာသေးဘူး။ အခု ငွေကြေးထောက်ပံ့လို့ ဆိုပြီး မေလ ၁၈ ရက်ညက လာဖမ်းသွားတာ။ အခုထိ အဆက်အသွယ်မရသေးပါဘူး"

စစ်ကောင်စီဟာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ချခံရပြီး ပြန်လွတ်လာသူတွေကို သံသယနဲ့ မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး ဒေသမှာ တစ်ခုခုထူးခြားတာနဲ့ အဲဒီနိုင်ကျဉ်းဟောင်းတွေ ကို အရင်ဆုံး ဖမ်းဆီးစစ်ဆေးလေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်တော့ အသက် ၃၀ အရွယ် မခိုင်ခိုင်အောင်အပါအဝင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦးကို ငွေကြေးထောက်ပံ့တာနဲ့ လက်လုပ်မိုင်းတွေ သိမ်းဆည်းပေးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာလို့ ဖော်ပြပါတယ်။

အခု အဖမ်းခံထားရတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေဟာ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့မှာ မိုင်းထောင်ဖောက်ခွဲမှု ကိုးကြိမ်လုပ်ခဲ့ပြီး၊ ရဲတပ်သား တစ်ဦးနဲ့ အရပ်သား နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Yangon Revolution Force – YRF အဖွဲ့ဝင် လေးဦး အပါအဝင် စုစုပေါင်း လူ ၁၀ ဦးကိုလည်း မေလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မေလ ၂၁ ရက်ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီ ၁၀ ဦးမှာ ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့ဝင် လေးဦး၊ သူတို့အတွက် သတင်း အချက်အလက်ရှာဖွေပေးသူ ငါးဦးနဲ့ ငွေကြေးထောက်ပံ့သူ တစ်ဦး ပါဝင်ပါတယ်။ သူတို့ကိုတော့ ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူနဲ့ ဇနီးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာပါ။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်သူမှန်သမျှကို သေဒဏ်အထိချမှတ်နိုင်တဲ့ ပုဒ်မတွေပါဝင်တဲ့ လက်နက်ဥပဒေသစ်ကို မေလ ၁၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီဥပဒေသစ်အရ နိုင်ငံတော်ကိုပုန်ကန်ဖို့ရည်ရွယ်ပြီး လက်နက်ကိုင်ဆောင်တာ၊ နိုင်ငံတော်ပိုင်လက်နက် ဒါမှမဟုတ် လက်နက်ကိုင်ဆောင်ခွင့်ရှိသူရဲ့ လက်နက်ခဲယမ်းကို ခိုးယူရောင်းချတာတွေလုပ်ရင် အနည်းဆုံး ထောင် ငါးနှစ်ကနေ အများဆုံး ထောင်တစ်သက်နဲ့ သေဒဏ်တွေအထိချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီဥပဒေဟာ စစ်တပ်အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်တဲ့ လူထုတော်လှန်ရေး ကို အားနည်းချည့်နဲ့အောင်လုပ်ဆောင်မှု၊ ပြည်သူတွေကို ပိုကြီးမားတဲ့ အကြောက်တရား ကြီးစိုးလာအောင် ရည်ရွယ်ချက်ရှိရှိရိုက်သွင်းမှုဖြစ်တယ်လို့ ရန်ကုန်မြို့က စစ်ကောင်စီရဲ့ ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်လှုပ်ရှားမှုအဖွဲ့ (Yangon UG Association -YUA) တာဝန်ခံ ဆရာကျောင်းက RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်အထိ နောက်ဆုံးရရှိတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၃၅၆၂ ဦး အသတ်ခံရပြီး ၁၈,၃၀၈ ဦး အကျဉ်းထောင်အသီးသီးမှ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။