မန္တလေးမှာ နှစ်ပတ်အတွင်း လူငယ် ၁၂၀ ကျော် ဖမ်းဆီးခံရ

RFA Burmese
2025.01.17
မန္တလေးမှာ နှစ်ပတ်အတွင်း လူငယ် ၁၂၀ ကျော် ဖမ်းဆီးခံရ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းမပေါ် မန်းမြန်မာစျေးချိုပလာဇာအနီး မြင်ကွင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးတိုင်းထဲက မြို့နယ် ခုနစ်ခုမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ လူငယ် ၁၂၂ ဦး ဖမ်းဆီးခံရတယ်လို့ မန္တလေးသပိတ်အင်အားစုက ဇန်နဝါရီလ ၁၇ ရက်နေ့ ထုတ်ပြန်ပါတယ်။

သူတို့ဟာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတာဖြစ်ပြီး လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီးနောက် အတင်းအကျပ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အောင်မြေသာဇံမြို့နယ် ၁၉ ဦး ၊ ချမ်းအေးသာဇံမြို့နယ် ၁၅ ဦး၊ မဟာအောင်မြေမြို့နယ် ၁၇ ဦး၊ ချမ်းမြသာစည်မြို့နယ် ၁၉ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၉ ဦး၊ အမရပူရမြို့နယ် ၁၈ ဦး၊ ပုသိမ်ကြီးမြို့နယ် ၁၅ ဦးဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတာရှိလာတဲ့အတွက် စိုးရိမ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဆို အရင်ကလို အပြင်တောင် မထွက်ဖြစ်တော့ဘူး။ အိမ်ကလည်း ထွက်ပြီဆို ပြောတယ်။ မထွက်မဖြစ်တဲ့အခါ သတိလေးနဲ့ သွားရတာပေါ့။ တတ်နိုင်သမျှကတော့ လူစည်တဲ့လမ်းကပဲ သွားတာ။ အခုတစ်လော မော်တော်ပီကယ်နဲ့မိတဲ့အခါ ဖုန်းတွေပါ ယူပြီးစစ်တယ်လို့လည်း သိထားတယ်"

ဖမ်းဆီးခံရသူအများစုဟာ မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ စစ်သင်တန်းကျောင်းရောက်မှ ပြန်အဆက်အသွယ်ရတာမျိုးတွေ ကြုံနေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက စစ်မှုထမ်းဥပဒေနဲ့ အကြောင်းပြပြီး အလုပ်ပြန်ချိန် အခြေခံလူတန်းစားလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာလည်းရှိနေတယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ ညအချိန် ပြင်ပကိုမသွားလာဖို့၊ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သမျှရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မန္တလေးမြို့မှာ လူငယ် လေးရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။