မြန်မာပြည်ငြိမ်းချမ်းရေး အရှိန်မြှင့်ကြိုးစားနေဟု အင်ဒိုနီးရှားပြောကြား

RFA Burmese
2023.07.08
မြန်မာပြည်ငြိမ်းချမ်းရေး အရှိန်မြှင့်ကြိုးစားနေဟု အင်ဒိုနီးရှားပြောကြား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
ASSOCIATED PRESS

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် သူတို့ အရှိန်မြှင့်ကြိုးစားနေပါတယ်လို့ သောကြာနေ့က ပြောပါတယ်။

သူက အဲဒီ သဘောတူညီချက်တွေ ဆောင်ရွက်နိုင်ရေးအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီ နှစ်ဖက်လုံးကို အကြိမ် ၁၁ဝ ခန့် လူကိုယ်တိုင်တွေ့ဆုံမှုတွေ၊ အင်တာနက်တွေ၊ တယ်လီဖုန်းတွေကတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်လို့ ဆိုပါတယ်။

အဲဒီသဘောတူညီချက် ငါးချက်ဟာ အကျိုးတစ်စုံတစ်ရာမျှ မရှိတဲ့အတွက် စွန့်ပစ်လိုက်ဖို့ မြန်မာပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ပြောဆိုနေကြချိန်မှာ အခုလို အင်ဒိုနီးရှားရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာပါ။

ဒီအတောအတွင်းမှာပဲ မြန်မာနွေဦးတော်လှန်ရေးသမားများလို့ အမည်ပေးထားတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်တစ်ခုရဲ့ ကိုယ်စားလှယ်တွေက အင်ဒိုနီးရှားအစိုးရဖွင့်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရုံးကို ပြီးခဲ့တဲ့ တနင်္လာနေ့က သွားရောက်ပြီး အာဆီယံရဲ့ကြိုးပမ်းမှုတွေဟာ ထိရောက်အောင်မြင်မှုလုံးဝမရှိကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ သဘောတူညီချက် ငါးချက်ကို အာဆီယံကဆက်လက်ကျင့်သုံးနေခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ရက်စက်မှုတွေ ဆက်လက်ကျူးလွန်အောင် အားပေးမြှောက်ပင့်ရာပဲ ကျမှာဖြစ်တယ်လို့လည်း သူတို့က ပြောဆိုခဲ့ကြတယ်လို့ RFA ရဲ့ ညီနောင်သတင်းဌာန Bener News က ဖော်ပြလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။