ဘီးလင်းမှာ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA Burmese
2023.05.28
ဘီးလင်းမှာ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတစ်ပါးအား ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ရွာနှစ်ရွာမှာ မေလ ၂၇ ရက် မနက်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်နှစ်ဦး သေဆုံးပြီး ဘုန်းကြီးတစ်ပါး၊ ကိုရင်နှစ်ပါးနဲ့ ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၈ နာရီဝန်းကျင်မှာ ဒေါက်ရပ်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် မောင်ဆန်းနဲ့ အသက် ၁၁ နှစ်အရွယ် မောင်မိုးထက်တို့ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေါက်ရပ်ရွာနဲ့မျက်နှာချင်းဆိုင် ကားလမ်းတစ်ဘက်မှာရှိတဲ့ အဝန်းကြီးရွာက ဘုန်းကြီးကျောင်းဝန်းထဲကိုလည်း မနေ့မနက် ၉ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတစ်ပါး၊ ကိုရင်နှစ်ပါး၊ ဘုန်းကြီးကျောင်းသားတစ်ဦးနဲ့ အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးငယ်နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဘီးလင်းမြို့နယ် ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဟုတ်တယ်ဗျ။ ကျွန်တော်တို့သွားတယ်။ ဒါပေမဲ့ သူတို့နယ်ခံအသင်းပဲ လှုပ်ရှား သွားတယ်။ ကလေးတွေက ဆယ်နှစ်ကျော်အရွယ်တွေပါ။ အဝန်းကြီးမှာတော့ ဘုန်းကြီးတွေ နည်းနည်းပါးပါး ထိခိုက်တာရှိတယ်"

အဲဒီရွာတွေထဲကို ဘယ်အဖွဲ့ကပစ်ခဲ့တာလဲဆိုတာတော့ သူတို့အနေနဲ့ သေချာမသိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဦးတိုးဝင်းကတော့ ကလေးနှစ်ဦးသေဆုံးတာ မှန်ကန်ပြီး ဒရုန်းနဲ့ ဗုံးချသွားတာကြောင့်လို့ RFA ကိုပြောပါတယ်။

အဲဒီဒရုန်းကို ဘယ်အဖွဲ့အစည်းတွေသုံးလဲဆိုတာ အားလုံးသိနိုင်တယ်လို့လည်း ဦးတိုးဝင်းက ဆိုပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေကို PDF တွေက ဒရုန်းနဲ့ဗုံးသွားကြဲတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာလို့ ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၃၈၅၀ ဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။