ကလေးမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး
2023.11.04
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကို ကလေးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်က နိုဝင်ဘာလ ၃ ရက်နေ့ညမှာ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် မြစ်သာမြစ်အရှေ့ဘက် ဥယျာဉ်ရွာထဲက နေအိမ်တစ်ခုပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အသက် ၃၀ အရွယ် မပူးလေးဖြစ်ပြီး ဝမ်းဗိုက်ကို လက်နက်ကြီးကျည်စထိမှန်ကာ နေရာမှာတင်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ညက လက်နက်ကြီးတွေကို စကစ အမြောက်တပ်ကနေပစ်တာ။ နေရာအစုံပစ်တာ ကလေးမြို့ တောင်ပိုင်းကို ညတိုင်းလိုလို ထုတာ။ ညဆို အိပ်တောင်မပျော်ဘူး။ လက်နက်ကြီးက ကိုယ့်အိမ်ပေါ်မှာ ဘယ်တော့ကျလားမလဲ စိုးရိမ်နေရတယ်"
ကလေးမြို့တောင်ပိုင်းကို လက်နက်ကြီးနဲ့ ခုနစ်ချက်ပစ်ခဲ့တာဖြစ်ပြီး ဥယျာဉ်ရွာထဲကို နှစ်လုံးကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး ၁၆၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။