မုန်းမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရ

RFA Burmese
2023.09.04
မုန်းမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ ကော့ပြင်းရွာ၊ သာပြာအိုင်ရွာနဲ့ သစ်ဖြူဆိတ် ရွာတွေမှာ စက်တင်ဘာလ ၁ ရက် နဲ့ ၂ ရက်နေ့တွေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုန်းမြို့ အောင်ဇေယျရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၃၀၇) က စက်တင်ဘာလ ၂ ရက် မနက်မှာ ၁၂၂ မမ လက်နက်ကြီးတွေပစ်ခတ်ခဲ့လို့ သစ်ဖြူဆိတ်ရွာက အသက် ၂၂ နှစ်အရွယ် မအိသဇင် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ် ခမရ (၅၉၀) က လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့လို့ သာပြာအိုင်ရွာက အသက် ၃၄ နှစ်အရွယ် ကိုမျိုးအောင် ဒဏ်ရာရရှိခဲ့ပါတယ်။

ခမရ (၅၉၀) ဟာ စက်တင်ဘာလ ၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း လက်နက်ကြီးကျည်နှစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ကော့ပြင်းရွာ အသက် ၂၄ နှစ်အရွယ် ကိုဖြိုး ဒဏ်ရာရရှိခဲ့ပါတယ်။

အရပ်သားသေဆုံးထိခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် သြဂုတ်လတုန်းကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။