ပေါက်မြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2023.10.02
ပေါက်မြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားခုနစ်ဦး ဒဏ်ရာရ မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Successful Force - Pauk

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေ ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေမှာ အရပ်သားခုနစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁ ရက် ညနေပိုင်းမှာ ကျွန်းပင်စုရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပြီး အသက် ၂၂ နှစ်အရွယ် မမြတ်မွန်နဲ့ အသက် ၁၈ နှစ် အရွယ် ကိုမြင့်ကိုအောင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက် နေ့လယ်ပိုင်းကလည်း နတ်ဦးယာဉ်ကေရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဦးသိန်း၊ ကိုညီညီမင်းသန့်၊ ဒေါ်ညိုညို၊ မခင်မာဝင်းနဲ့ မနွယ်အေး ဒဏ်ရာရရှိခဲ့ပါတယ်။

ပခုက္ကူမြို့ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ကျောက်ထု၊ ဂန့်ဂေါနဲ့ ချင်းပြည်နယ် မင်းတပ်မြို့တွေဘက်ကို ဦးတည်နေပြီး ပေါက်မြို့နယ်ကိုဖြတ်တဲ့အချိန်မှာ လမ်းတစ်လျှောက် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဟိုနေ့က စစ်တပ်ကလာရင်း လှမ်းပစ်တာ ထိတာဗျ။ လက်နက်ကြီးတွေနဲ့ ရွာတွေကို လှမ်းပစ်ခတ်နေတာ ထိကုန်တာဗျ။ အခုဟာ သူတို့က ယောဘက်ကို ရိက္ခာပို့သွား ရွာတွေဘက်တွေ ဒီလိုတွေ ပစ်ခတ်နေတာဗျ"

အဲဒီယာဉ်တန်းမှာ စစ်ကားအပြင် ရိက္ခာတင်ထားတဲ့ အရပ်ဘက်ကားတွေနဲ့ နယ်မြေ ရှင်းလင်းရေးစစ်ကြောင်းတွေ ပါဝင်တယ်လို့ ဒေသခံက ပြောပါတယ်။

ဒီစစ်ကြောင်းရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးမှုကြောင့် ပေါက်မြို့နယ် ရေပြာရွာ၊ ကျွန်းပင်စုရွာ၊ အောက်ကျင်းရွာနဲ့ နတ်ဥယျာဉ်တွေက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းကျော် (၂၁၈,၁၀၀) ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။