ဆားတောင်မြို့ရဲစခန်းက လက်နက်ကြီးပစ်လို့ ဒေသခံသုံးဦး ဒဏ်ရာရ
2023.10.03
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ရေကြည်ရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ရေကြည်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်မိုးတင် (ခ) မိုးမိုး၊ အသက် ၄၉ နှစ်အရွယ် ဒေါ်ရွှေနဲ့ အသက် ၉၄ နှစ်အရွယ် ဒေါ်အုန်းခင်တို့ ဖြစ်ပါတယ်။
ဆားတောင်မြို့ရဲစခန်းက လက်နက်ကြီးသုံးလုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး တစ်လုံးက ရေကြည်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဘွား ဒေါ်အုန်းခင်ရဲ့ အိမ်နဲ့ ပေသုံးဆယ်မှ ကျကွဲတယ်။ လက်နက်ကြီးဆိုတော့ ကျကွဲပြီး လွင့်စင်တော့ အစတွေမှန်တာပေါ့။ သုံးယောက်စလုံးက စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး။ သို့သော် ဖြစ်တဲ့ညတွင်းချင်းပဲ မန္တလေးကို ဆေးကုသဖို့ ပို့ထားပါတယ်"
ဒေသခံ သုံးဦးဟာ ဦးခေါင်း၊ ကျောကုန်းနဲ့ ဒူးဆစ်တွေမှာ လက်နက်ကြီးကျည်စတွေ ထိမှန်ခဲ့တာလို့ သူက ပြောပါတယ်။
ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက်မှာ ဆားတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး ရဲစခန်းဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကိုင်တိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။