ရွှေဘိုမှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ
2024.09.22
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဆိပ်ခွန်ရွာ အနောက်ပိုင်း ရွှေဘို-မုံရွာ ကားလမ်းဘေးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရဲစခန်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ရွာအရှေ့ပိုင်းကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၁ နှစ်အရွယ် မသဲနုနိုင် သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိပ်ခွန်ရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
"စခန်းက ပစ်လိုက်တာ ရွာထိပ်ကျတာ။ ရွာထိပ်က ကြိုဆိုပါ၏ ဆိုင်းဘုတ်နားကျတာ။ အသက် ၂၁ နှစ် ကောင်မလေး တစ်ယောက် လက်နက်ကြီးအစ မှန်ပြီးသေတယ်။ ဒဏ်ရာရတာက သုံးဦးရှိတယ်။ ဒဏ်ရာရတာက သေသွားတဲ့ ကောင်မလေးရဲ့ အမေနဲ့ ဦးလေးရယ်၊ နောက်တစ်ယောက်ရယ် ဒဏ်ရာရတာ"
ဆိပ်ခွန်ရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်ဘက် ၇ မိုင်အကွာမှာ တည်ရှိပြီး ရပ်ကွက် ၁၈ ခုနဲ့ ဖွဲ့စည်းတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ အိမ်ခြေ ခုနစ်ထောင်ကျော်ရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိပ်ခွန်ရွာ ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘို-မုံရွာလမ်းမကြီးမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာနဲ့ ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့လည်း ဒေသခံအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ သူ့အနေနဲ့ ဒီအခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဆိပ်ခွန်ရွာက အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့သလို၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။