ဩဂုတ်လအတွင်း လက်နက်ကြီးကြောင့် ၄၅ ဦး သေဆုံး

RFA Burmese
2024.08.31
ဩဂုတ်လအတွင်း လက်နက်ကြီးကြောင့် ၄၅ ဦး သေဆုံး ပဲခူးတိုင်း၊ မုန်းမြို့နယ် အိမ်ပင်သာကျေးရွာက ဘုန်းကြီးကျောင်းတစ်ခုပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် ထိခိုက်ပျက်စီးမှုတချို့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ Karen National Union

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဩဂုတ်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း လူပေါင်း ၈၈ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးရသူက ၄၅ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးရသူတွေ အပါအဝင် စုစုပေါင်း သေဆုံးသူ ၈၈ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၂ ဦး၊ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို ၁၅ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာလည်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်းက အရပ်သားသေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်ခွဲကျော်လာချိန်မှာ စစ်ကောင်စီက နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးလာရပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုတိုး လုပ်လာတာကြောင့် အရပ်သား ထိခိုက်မှုအရေအတွက်တွေ တိုးလာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ကလည်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာဈေးထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ အရပ်သား ၁၁ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။