ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး
2024.11.26
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် မလားဗျက်ပွီး (Ni lalbiakpuii)၊ အသက် ၁၄ နှစ်အရွယ် မောင်လာလ်းရတ်အဲလ် (lal Rap Ei)၊ အသက် ၅၄ အရွယ် ဒေါ်လှောင်နိတ်ပါရ် (Pi Lawn Neigh Par) နဲ့ အသက် ၆၅ နှစ်အရွယ် ဦးလာလ်း မှိန်းထန်အာ (lalhmingthanga) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ကလေးမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီး တောက်လျှောက်ပစ်ခတ်တာကြောင့် ရွာထဲ ကျရောက်ပေါက်ကွဲတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လက်နက်ကြီးလေးလုံးက ရွာထဲမှာကျပြီး ပေါက်ကွဲတာ။ ကလေးကတော့ ပွဲချင်းပြီး သေတာ။ ကျန်တဲ့သူတွေက သွေးထွက်လွန်တာကြောင့် နောက်ပိုင်းမှ သေတာ။ မနက်ကနေ နေ့လယ်အထိကို ပစ်နေတာ"
ကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့ ကလေးမြို့နယ် မြောက်ဘက်ပိုင်းကို လက်နက်ကြီးနဲ့ပစ်လို့ လက်ပံချောင်းရွာထဲ ကျရောက်ပေါက်ကွဲသွားတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် လက်ပံချောင်းရွာက ကိုယ်ဝန်ဆောင်တစ်ဦး လက်နက်ကြီးကျည်ထိလို့ ဦးခေါင်မှာ ဒဏ်ရာရခဲ့ပြီး နို၀င်ဘာလ ၂၅ ရက်နေ့က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။