မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာသုံးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.06.09
မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာသုံးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီရွာ (ဟိုရ်ဖါရာ) ကို ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရိုဟင်ဂျာသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ မောင်တောမြို့ခံတွေက RFA ကို ပြောပါတယ်။

ဟာဘီ (ဟိုရ်ဖါရာ) ရွာနဲ့ လေးမိုင်ကျော်ဝေးတဲ့ ဂုံးနားရွာဘေးက ချောင်းပေါ်မှာရှိနေတဲ့ စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးခုနစ်လုံးထက်မနည်း ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မိသားစုသုံးဦးစလုံးက နေရာမှာတင် ဆုံးတာပါ။ သူတို့အိမ်ဘေးကိုပဲ လက်နက်ကြီးကျတာ။ ဒဏ်ရာရတဲ့ ခြောက်ဦးထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေတယ်လို့ သိထားပါတယ်"

သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော ဖုန်းလိုင်း ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး (၁,၄၉၂) ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။