မြန်မာမှာကျင်းပမယ့် လေတပ်ညီလာခံကို အာဆီယံနိုင်ငံတချို့ တက်ရောက်မည်မဟုတ်
2023.09.07

မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သတ္တမအကြိမ်မြောက် လေတပ်ဦးစီးချုပ်များ ညီလာခံကို အရှေ့တောင်အာရှနိုင်ငံတချို့က မတက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ စက်တင်ဘာ ၇ ရက်နေ့ထုတ် The Straits Times သတင်းမှာ ရေးသားထားပါတယ်။ အရပ်သားတွေကို လေကြောင်းကတိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီကို ဖယ်ကြဉ်ရာရောက်အောင် စစ်ခေါင်းဆောင်တွေ ဦးဆောင်မဲ့ လေတပ်ညီလာခံကို ရှောင်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ကျင်းပမဲ့ ဒီညီလာခံကို မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တက်ရောက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ထားပြီး ဖိလစ်ပိုင်ကလည်း လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကားပဲ ပေးပို့မယ်လို့ ဆိုပါတယ်။
စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကတော့ ညီလာခံကိုတက်ရောက်မယ်၊ မတက်ရောက်ဘူး တိတိကျကျအကြောင်း မပြန်သေးပါဘူး။ ကမ္ဘောဒီးယား လေတပ်ကာကွယ်ရေးဦးစီးချုပ်က ဒီညီလာခံအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ်ကတော့ ညီလာခံတက်မယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
ဒီလေတပ်ညီလာခံကို အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ စစ်ကောင်စီလေတပ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ နှစ်စဥ်ကျင်းပတဲ့ လေတပ်ညီလာခံအတွင်း ကာကွယ်ရေး၊ အစွန်းရောက်ဝါဒတိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ရုရှားနဲ့ တရုတ်လေယာဥ်တွေသုံးပြီး ပြည်တွင်းမှာ အရပ်သားတွေကို တိုက်ခိုက်နေတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီဟာ လေကြောင်းကနေ အကြိမ် ၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။