အာဆီယံ ဥက္ကဌ ရာထူး ကိစ္စ ဆိုင်းငံ့ထားသင့်ကြောင်း AIPMC တိုက်တွန်း
2011.10.19
Photo: AFP
ဂျာကာတာမြို့အခြေစိုက် AIPMC ရုံးက အမှုဆောင် ညွန်ကြားရေးမှူး Ms. Agung Astrid (အန်ဂန်း အက်စ်ထရစ်) က မြန်မာပြည် ပြည်တွင်းပြည်ပက ရတဲ့ သတင်း အချက်အလက်တွေ အရ မြန်မာနိုင်ငံမှာ အပြောင်းအလဲ စတင်နေတယ် ဆိုတာ အသိအမှတ်ပြုပေမယ့် အာဆီယံ ဥက္ကဌ ရာထူး ပေးရလောက်အောင် အနိမ့်ဆုံး အဆင့် အခြေအနေကို မရောက်သေးတဲ့အတွက် အာဆီယံ အဖွဲ့ကို အခုလို တိုက်တွန်းတာ ဖြစ်တယ်လို့ RFA ကို ဒီကနေ့ ပြောကြားပါတယ်။
မြန်မာ အာဆီယံ ဥက္ကဌ ဖြစ်ရေးမဖြစ်ရေး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားတာဟာ အာဆီယံ အဖွဲ့ကြီးနဲ့ ဒေသတခုလုံးရဲ့ အကောင်းဆုံး အကျိုးအစီးပွားဖြစ်မယ်လို့ ယူဆပါတယ်။
ဒါဟာ အာဆီယံ ခေါင်းဆောင်တွေ၊ မြန်မာ လူမှု အဖွဲ့အစည်းတွေဆီက သတင်း အချက်အလက်တွေကို ဆွေးနွေးပြီးမှ တိုက်တွန်းရတာ ဖြစ်ပါတယ်လို့ Ms. Astrid က ပြောသွားပါတယ်။
အနိမ့်ဆုံးအဆင့်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး မလွတ်သေးသရွေ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး မလုပ်ဆောင်သေးသရွေ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး လမ်းကြောင်းပေါ်ကို မရောက်သေးဘူးလို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။
အာဆီယံ အလှည့်ကျ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါး ဟာ လာမယ့် အပတ်မှာ မြန်မာနိုင်ငံကို လေ့လာရေးခရီးထွက်ဖို့ရှိပြီး နောက်လ (နိုဝင်ဘာလ) ထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာအစိုးရ အဆိုပြုထားတဲ့ ၂၀၁၄ အာဆီယံ ဥက္ကဌ ရာထူး လွှဲအပ်ရေး ကိစ္စကို ဆုံးဖြတ်မယ်လို့ အများက ယူဆထားပါတယ်။ သူ့ခရီးစဉ်မှာ မြန်မာအစိုးရ အရာရှိတွေနဲ့ချည်း မဟုတ်ဘဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ကိုလည်း AIPMC က တိုက်တွန်းထားပါတယ်။
AIPMC အဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ဆောင်ရွက်နေကြတဲ့ အာဆီယံ ၁၀ နိုင်ငံက ရွေးကောက်ခံ လွှတ်တော် အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး မနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ တစ်ခုလည်း ကျင်းပခဲ့ပါတယ်။