၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ မြန်မာ ဖြစ်လာဖွယ်ရှိ
2011.05.08
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခွင့်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပနေတဲ့ အာစီယံ အစည်းအဝေးမှာ ဦးသိန်းစိန် အစိုးရက တောင်းဆိုခဲ့ပါတယ်။
စင်္ကာပူနိုင်ငံကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ပူပန်စရာ ရှိနေသေးတဲ့အတွက် ဒီကိစ္စကို ရွှေ့ဆိုင်းထားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် လာအိုနိုင်ငံက မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ နေရာပေးဖို့ ထောက်ခံခဲ့ပြီး ထိုင်းနဲ့ တခြား အာဆီယံနိုင်ငံတွေကလည်း မကန့်ကွက်မယ့် အနေအထားမှာ ရှိနေတယ်လို့ အစည်းအဝေး လာရောက်တဲ့ အာဆီယံ တာဝန်ရှိသူ တချို့က ပြောဆိုပါတယ်။
အာဆီယံ လူထုအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာအတိုက်အခံ ကိုယ်စားလှယ်အဖွဲ့က ဒေါ်ခင်ဥမ္မာကတော့ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်မှာ ဥက္ကဋ္ဌ နေရာယူဖို့ သဘောတူကြောင်း တနင်္ဂနွေနေ့မှာ တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
မြန်မာအစိုးရသစ် လက်ထက်မှာလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာ မတွေ့ရသလို အမျိုးသား ရင်ကြားစေ့ရေး အခြေအနေဟာလည်း တိုးတက်လာတာ မတွေ့ရတဲ့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းက လူထုအဖွဲ့အစည်းတွေ ဖြစ်တဲ့ အန်ဂျီအိုတွေနဲ့ လူ့အခွင့်အရေးနဲ့ လူမှုရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ နေရာပေးဖို့ ကန့်ကွက်ကြပါတယ်။
ဦးသိန်းစိန်အစိုးရကတော့ သူတို့အနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် (၇) ရပ်ကိုလည်း အကောင်အထည် ဖော်ပြီးပြီဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးထားပြီဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာကို ဥက္ကဋ္ဌနေရာ ယူခွင့်ပေးသင့်ကြောင်း၊ ဒါဟာသူတို့ရဲ့ အခွင့်အရေး ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အာဆီယံ အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။