အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး

RFA Burmese
2023.09.04
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား တွေ့ရစဉ်။
WILLY KURNIAWAN / POOL / AFP

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည် မဖော်နိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်ကတည်းက သဘောတူချမှတ်ခဲ့တဲ့ အဲဒီ ဘုံသဘောတူညီချက် ငါးချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ က ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြံပြုချက်ကို အာဆီယံ ခေါင်းဆောင်တွေထံ တင်ပြမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အာဆီယံထိပ်သီးညီလာခံကို မနက်ဖြန် အင်္ဂါနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး လာမယ့် ၂ဝ၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့် ပေးဖို့ တရားဝင်ဆုံး ဖြတ်ဖွယ် ရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေကို နေရာပေးမယ်ဆိုရင် အာဆီယံနဲ့ ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်လို့ ဥရောပသမဂ္ဂ က အာဆီယံကိုသတိပေးထားပြီး ဖြစ်ပါတယ်။

မူလက ၂ဝ၂၆ ခုနှစ်မှာ မြန်မာနိုင်ငံကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ပေးမယ့် ကိစ္စကတော့ ပျက်ပြယ်သွားခဲ့ပြီးဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ဘုံသဘောတူညီချက် တွေကို လိုက်နာရန် ပျက်ကွက်မှုအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိပ်သီး အစည်းအဝေးတွေမှာ စစ်ကောင်စီ ခေါင်းဆောင်တွေကို တက်ရောက်ခွင့် ပိတ်ပင် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။