ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အာဆီယံ ထပ်မံတိုက်တွန်း

RFA Burmese
2023.02.04
Share on WhatsApp
Share on WhatsApp
ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အာဆီယံ ထပ်မံတိုက်တွန်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi။
AFP

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေကို အဆုံးသတ်ဖို့ အာဆီယံနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အာဆီယံက တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ နှစ်ရက်တာ အစည်းအဝေးပြီးနောက် အခုလို တိုက်တွန်းလိုက်တာပါ။ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လွန်ခဲ့တဲ့ နှစ်နှစ် ၂ဝ၂၁ ခုနှစ် ဧပြီလက သဘောတူညီချက်ကို စစ်ခေါင်းဆောင်အနေနဲ့ အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားက အဆိုပြုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။

ဒီအစီအစဉ်အတွက် အဖွဲ့ဝင်အားလုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေးအဖြေရှာဖို့ အဖွဲ့ဝင်နိုင်ငံတွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ဟာ အာဆီယံအတွက် အထူးသဖြင့် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအတွက် မြန်မာ့အရေးကို စည်းစည်းလုံးလုံး ဖြေရှင်းဖို့ လမ်းညွှန်မှုတစ်ရပ် ဖြစ်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တစ်ချိန်တည်းမှာဘဲ အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့လို သက်ဆိုင်သူအားလုံးကြား အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးအကျဉ်းသား သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို လွှတ်ပေးဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း တောင်းဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး မေးမြန်းခန်းမှာ ပြောကြားခဲ့တာလို့ စင်္ကာပူသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဖေဖော်ဝါရီ ၃ ရက် နဲ့ ၄ ရက် နှစ်ရက်တာ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ပေမယ့် ၂ဝ၂၁ ခုနှစ်မှာ အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဝန်ကြီးများ အစည်းအဝေးတွေကနေ ဖယ်ထုတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။