အာဆီယံစွမ်းအားမရှိကြောင်း စစ်ကောင်စီကို အရေးမယူနိုင်မှုက သက်သေပြ
မြန်မာစစ်ကောင်စီအပေါ် အမှန်တကယ်ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်သရွေ့ အာဆီယံအဖွဲ့ဟာ အရေးပါအရာရောက်ပြီး စွမ်းအားရှိတဲ့အဖွဲ့ မဟုတ်ပါဘူးလို့ အမေရိကန်ပြည်ထောင်စုထုတ် နာမည်ကျော် The Washington Post သတင်းစာက တနင်္ဂနွေနေ့မှာ ဝေဖန်ရေးသားလိုက်ပါတယ်။
အဲဒီသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကဏ္ဍကနေ ဖော်ပြခဲ့တဲ့ဆောင်းပါးမှာ ပြီးခဲ့တဲ့ အပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနှစ်ပတ်လည်ထိပ်သီး ညီလာခံကျင်းပနေချိန်မှာပဲ သတင်းထောက် စိုင်းဇော်သိုက် ကို အာဏာသိမ်း စစ်ကောင်စီက မုန်တိုင်းသတင်းဓာတ်ပုံရိုက်မှုအတွက် ထောင်ဒဏ် အနှစ် ၂ဝ အပြစ်ပေး ခဲ့ပါတယ်လို့ အစချီထားပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူ လေးထောင်ကျော် အသတ်ခံခဲ့ရသလို လူ နှစ်သောင်းခန့်လည်း ဖမ်းဆီးခံနေရကြောင်း၊ အကျဉ်းသားတွေ ဒါဇင်နဲ့ချီပျောက်ဆုံးနေပြီး သူတို့ကို စစ်တပ်က သတ်ပြစ်လိုက်ပြီလို့ ယုံကြည်ရကြောင်း၊ ဒါပေမဲ့ အာဆီယံအဖွဲ့ကတော့ စစ်ကောင်စီကို အပြစ်တင်တယ်၊ တိုက်တွန်းတယ် စတဲ့ ကြေညာချက်တွေပဲ အခုထိ ထပ်တလဲလဲ ထုတ်ပြန်နေပြီး လက်တွေ့အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုမှ မရှိသေးကြောင်း ရေးသားထားပါတယ်။
တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအတွင်းမှာလည်း တညီတညွတ် ဆုံးဖြတ်နိုင် ခြင်း မရှိပဲ ထိုင်းအစိုးရက စစ်ကောင်စီနဲ့ ပေါင်းသင်းနေပြီး အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေက တော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပေါင်းသင်းနေကြောင်း စသဖြင့် ရေးသားထားပြီး အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှု တွေပြုလုပ်ဖို့ လိုအပ်ပါတယ်၊ ဥပမာအားဖြင့် မြန်မာနိုင်ငံကို လောင်စာဆီနဲ့ စားအုန်းဆီတင်ပို့ ရောင်းချမှုတွေပိတ်ပင်ခြင်း၊ စစ်ကောင်စီပိုင် ရေနံကုမ္ပဏီကို ပိတ်ဆို့အရေးယူခြင်း၊ အာဆီယံနိုင်ငံ တွေမှာရှိတဲ့ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ ဘဏ်ငွေစာရင်းတွေကို ပိတ်ဆို့ အရေးယူမှုတွေချမှတ်ခြင်း စတာတွေ ပြုလုပ်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ဆုံးဖြတ်လုပ်ကိုင်နိုင်ခြင်း မရှိသရွေ့တော့ အာဆီယံအဖွဲ့ဟာ အရေးပါအရာရောက် တဲ့အဖွဲ့တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူးလို့ ဝါရှင်တန်ပို့စ် သတင်းစာ က ရေးသားလိုက်ပါ တယ်။