အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ အာဆီယံခေါင်းဆောင်တွေ တောင်းဆို

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အင်အားအသုံးပြုမှုတွေ ချက်ချင်းရပ်တန့်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကျွန်ုပ်တို့ လွန်စွာမှ စိုးရိမ်ပူပန်ပါတယ်။ တိုက်ခိုက်မှုတွေအားလုံးကို ချက်ချင်း ရပ်တန့်ဖို့၊ အရေးပေါ်တွေ့ဆုံဆွေးနွေးဖို့ နဲ့ အကူအညီတွေပေးနိုင်ရေး ဖန်တီးပေးဖို့ တောင်းဆိုပါတယ်လို့ အာဆီယံ ခေါင်းဆောင်တွေ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက် ပြီး တိတ်ဆိတ် နေမှာလား၊ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုတွေ ဆောင်ကြဉ်းပေးသူဖြစ်အောင် လုပ်မလား ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီလို့ ပြောသွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဟာ အာဆီယံခေါင်းဆောင်တွေကို ကတိပြုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာမယ့် အလားအလာမရှိတဲ့အတွက် အာဆီယံ ခေါင်းဆောင်တွေဟာ သည်းခံနိုင်စွမ်း ကုန်ဆုံး လာနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီ နာတာလယ် ဂါဝါကတော့ မြန်မာ စစ်ခေါင်းဆောင်တွေကို ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ တိုက်တွန်းပါတယ်။
အခုလို အာဆီယံ ထိပ်သီးညီလာခံတွေမှာ မြန်မာနိုင်ငံနေရာကို ထိုင်ခုံ အလွတ်ထား ထားတာဟာ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းတဲ့ သဘောမဖြစ်တဲ့အတွက် စစ်ခေါင်းဆောင် တွေကို စိတ်သက်သာရာ ရစေတဲ့အကြောင်း၊ အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့် မပေးတာအပြင် အခြား ခြေလှမ်းတွေကို ဆောင်ရွက်ဖို့ လိုသေးတဲ့အကြောင်း သူက ပြောပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်န်ရစ် မာနလိုကတော့ လက်ရှိ မြေပြင်က အခြေအနေ ဟာ ခက်ခဲနေတဲ့အတွက် အာဆီယံအနေနဲ့ လုပ်လို့ရတာ လုပ်နေပါတယ်လို့ ပြောသွား ပါတယ်။
မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ပေါ်ပေါက် နေတာဟာ အဖွဲ့အတွက် မကြုံစဖူး ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့လည်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။