မြန်မာ့အရေးလွှမ်းမိုးမှုရှိပေမယ့် မြန်မာ မပါဝင်တဲ့ အာဆီယံအစည်းအဝေးစတင်

RFA Burmese
2023.05.09
မြန်မာ့အရေးလွှမ်းမိုးမှုရှိပေမယ့် မြန်မာ မပါဝင်တဲ့ အာဆီယံအစည်းအဝေးစတင် အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က ကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲ၌ မြန်မာကိုယ်စားပြုနေရာလစ်လပ်နေစဉ်။
MAST IRHAM / POOL / AFP

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးသွားဖွယ်ရှိနေတဲ့ (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မေလ ၉ ရက် ဒီနေ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Labuan Bajo မြို့မှာ စတင်ကျင်းပနေပါပြီ။

ဒီထိပ်သီးအစည်းအဝေးကို မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက်ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုသူတစ်ဦးမှ မပါဝင်ပါဘူး။

ဒါ့အပြင် အဲဒီအစည်းအဝေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီဝန်ကြီးကို ထည့်သွင်းထားတာ မရှိပါဘူး။

မေလ ၈ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးအကြို သတင်းစာရှင်းလင်းပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေလျော့ကျဖို့ ပြောခဲ့ပါတယ်။

ဒီမတိုင်ခင်မှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီ (Retno Marsudi) က ပြီးခဲ့တဲ့ လေးလအတွင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်သွယ်မှု အကြိမ် (၆၀) ခန့်ရှိခဲ့တယ်လို့ မေလ ၅ ရက်နေ့က ရိုက်တာသတင်းဌာနကို ဖြေဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိတွေ့ဆက်သွယ်မှုရှိခဲ့ကြောင်း RFA ကို အတည်ပြုပါတယ်။

"တွေ့ဆုံမှုတွေမှာတော့ ကျွန်တော်တို့ရဲ့အမြင် ဖြစ်ချင်တဲ့ဟာတွေ၊ ဖြစ်သင့်တဲ့ဟာတွေ ကို ပြောကြားတာတွေ ရှိတယ်ပေါ့နော်။ တိုးတက်မှုရှိလားဆိုတာကတော့ စောင့်ကြည့် ရမှာပေါ့။ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ စစ်ကောင်စီကြောင့်ဖြစ်နေတဲ့အတွက် ဒီဟာက ပြတ်ပြတ်သားသား ထိထိရောက်ရောက် လုပ်ရမယ့်အချိန်ရောက်ပြီဆိုတာ ပြောကြားပါတယ်"

အာဆီယံအနေနဲ့ စစ်ကောင်စီကိုဖြောင်းဖျတာထက် ဘုံသဘောတူညီချက်ငါးချက်ကို လိုက်နာလာအောင် အချိန် ကန့်သတ်တာ၊ ထိရောက်မှုတိုင်းတာတာနဲ့ အရေးယူ အပြစ်ပေးမှုတွေရှိသင့်ပြီး အရေးယူတာကပဲ ထိရောက်မှု ရှိလိမ့်မယ်လို့ ဦးကျော်ဇော်က ဆိုပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ သုတေသနနဲ့နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘုံသဘောတူညီချက်ငါးချက်ထက် ကျော်စဉ်းစား ဖို့လိုနေပြီး နိုင်ငံရေးကနေ စစ်တပ် အပြီးထွက်သွားနိုင်ဖို့အထိ ထည့်သွင်းဆွေးနွေးတာ မရှိသရွေ့ ပြည်သူတွေအတွက် မျှော်လင့်စရာမရှိဘူးလို့ သုံးသပ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေအပေါ် တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထား တာမျိုး မတွေ့ရသေးပါဘူး။

အစည်းအဝေးမတိုင်ခင် နှစ်ရက်အလို မေလ ၇ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ အာဆီယံရဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေးယာဉ်တန်း ပစ်ခတ် ခံခဲ့ရပြီး ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာ အခုအထိ အတည်မပြုနိုင်သေးပါဘူး။

ဒီအပေါ် အင်ဒိုနီးရှားသမ္မတက အာဆီယံထိပ်သီးအစည်းအဝေး အကြိုသတင်းစာ ရှင်းလင်းပွဲမှာ ရှုတ်ချခဲ့သလို လူသားချင်းစာနာမှု အကူအညီပေးဖို့ အတားအဆီးရှိနေ တဲ့အပေါ် ဝမ်းနည်းတယ်လို့လည်း ပြောခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။