မြန်မာ အာဆီယံဥက္ကဋ္ဌ နေရာအတွက် အာဆီယံအဖွဲ့ သဘောထားကွဲ

၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲမှုတွေ ရှိတယ်လို့ သိရပါတယ်။

2011.05.08
thein_sein_asean_aquino_305a_z မြန်မာအစိုးရ သမ္မတ တဖြစ်လဲ၊ ယခင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသန်းစိန် (ဝဲ) နှင့် ဖိလိပိုင် သမ္မတ ဘင်နစ်နို အကွီနို (ယာ) တို့ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီအဆိုကို စင်္ကာပူနိုင်ငံ က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ အာဆီယံ ညီလာခံနဲ့ နီးစပ်သူ အရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာ ဖိလစ်ပိုင်နိုင်ငံခြားရေး Albert Del Rosario က အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့ အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေးကိစ္စကို ဖိလစ်ပိုင်နိုင်ငံက ထောက်ခံထားကြောင်းနဲ့ မြန်မာ အာဆီယံဥက္ကဌဖြစ်ဖို့ သဘောတူညီချက်တခု ရထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဒီကနေ့ ထုတ်ဝေတဲ့ The Phillippines Star သတင်းစာမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်က အခုလို ပြောကြားတာဟာ အာဆီယံ နိုင်ငံတွေအကြား မူအားဖြင့် သဘောတူညီချက် ရခဲ့တာကို ဆိုလိုတာ ဖြစ်နိုင်တယ်လို့ ဂျာကာတာမြို့မှာ ရောက်နေတဲ့ RFA ပြင်ပဆောင်းပါးရှင် သတင်းထောက် Larry Jagan က ပြောပါတယ်။

“ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောတာကို ကျနော် နားလည်သလို ပြောရရင် မြန်မာနိုင်ငံကို ၂ဝ၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ နေရာပေးဖို့ မူအားဖြင့် သဘောတူထားတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင် မဆုံးဖြတ်ခင်မှာ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လေ့လာရေးခရီး ထွက်ပြီး စစ်ဆေးပါဦးမယ်”

မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံ, မခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကို အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ် ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့ ဆွေးနွေးဖို့ အလားအလာ ရှိတယ်လို့ The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။