စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ထုတ်ဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့တွေ တောင်းဆို
2024.11.11
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈ဝ က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီအိတ်ဖွင့်ပေးစာကို လာအို၊ ဩစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံထိပ်တန်းတာဝန်ရှိသူတွေကို လိပ်မူပေးပို့တာပါ။
၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နဲ့ အာဆီယံနဲ့ မိတ်ဖက် ရှစ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေပါဝင်မယ့် ၁၃ ကြိမ်မြောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေး (ADMM-Plus) ကို လာအိုနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးတွေမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုမှုရဖို့၊ စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့နဲ့ လက်ရှိ တရားဝင်ရာထူးတွေယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဖယ်ရှားဖို့ စတဲ့ အချက်တွေကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေက တောင်းဆိုထားတာပါ။
စစ်ကောင်စီကိုယ်စားလှယ်တွေသာ ပါဝင်ခဲ့ရင် ဒီအစည်းအဝေးတွေကို မတက်ရောက်ကြောင်း လူသိရှင်ကြား ငြင်းဆိုပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အာဏာသိမ်းပြီးနောက် သုံးနှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အစုလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေတိုးမြှင့်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ဒီလိုတွေဆက်ဖြစ်နေမယ်ဆိုရင် ၂ဝ၂၄ ခုနှစ်ဟာ အရပ်သားပြည်သူသေဆုံးမှု အများဆုံးနှစ် တစ်နှစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရေးသားထားပါတယ်။
အာဆီယံနဲ့ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးတာဟာ မှားယွင်းတဲ့ တရားဝင်မှုပေးရာရောက်ပြီး မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုကို တိုက်ရိုက်ကူညီရာရောက်မှာ ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။