အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဖယ်ထုတ်ဖို့ ၂၃၇ ဖွဲ့တိုက်တွန်း
2024.10.02
အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးတွေကနေ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖယ်ထုတ်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၃၇ ဖွဲ့က အောက်တိုဘာ ၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
Defend Myanmar Democracy၊ သွေးစွန်းငွေဖြတ်တောက်ရေး၊ India For Myanmar၊ ဒို့မြေကွန်ရက်၊ ကျေးလက်မြေ စတဲ့ အဖွဲ့တွေက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေကို အိတ်ဖွင့်ပေးစာ ပေးပို့တာပါ။
စစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့်ပြုနေတာဟာ မြန်မာစစ်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒါတင်မက စစ်ကောင်စီကို နိုင်ငံတကာနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ဘဏ္ဍာငွေနဲ့ အရင်းအမြစ်ရစေဖို့ အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေတာကို ထိခိုက်စေပြီး စစ်တပ်က နိုင်ငံကို အပြည့်အဝထိန်းချုပ်ဖို့ တရားမဝင်ကြိုးပမ်းနေတာကို အကူအညီဖြစ်စေတယ်လို့ ထောက်ပြထားပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အရပ်ဘက်အဖွဲ့တွေရဲ့ အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေချိန်မှာပဲ စစ်ကောင်စီနဲ့ သူ့ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အစည်းအဝေးပေါင်း ၅၀၀ ကျော်ကို အာဆီယံက တက်ရောက်ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အာဆီယံ ထိပ်သီးအစည်း၀ေးနဲ့ နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့ ထောက်ပြပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးဟာ အမြင့်ဆုံး မူဝါဒ ချမှတ်နိုင်တဲ့ အစုအဖွဲ့ဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် တက်ရောက်နိုင်မယ့် ကိုယ်စားလှယ် ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့နဲ့ ဆုံးဖြတ်ချက် ပြောင်းလဲချမှတ်ဖို့လည်း တိုက်တွန်းပါတယ်။
ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ် ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်း စတဲ့ အစည်းအဝေးတွေကို စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံရဲ့ မိတ်ဖက် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေက အရေးယူပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံမှာ အောက်တိုဘာ (၆) ရက်နေ့ စတင်ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အခမ်းအနားတွေမှာ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖိတ်ကြားဖို့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေကို အဖွဲ့ ၂၃၀ ကျော်က တိုက်တွန်းလိုက်ပါတယ်။