အာဆီယံစစ်ရေးလေ့ကျင့်ပွဲ စစ်ကောင်စီကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြု

RFA Burmese
2023.09.19
အာဆီယံစစ်ရေးလေ့ကျင့်ပွဲ စစ်ကောင်စီကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြု အင်ဒိုနီးရှားနိုင်ငံ၊ Batam ကျွန်းရှိ Batu Ampar ဆိပ်ကမ်းတွင် အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပစဉ်။
REUTERS

စက်တင်ဘာလ ၁၉ ရက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံတွေရဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲမှာ စစ်ကောင်စီကို လေ့လာသူအနေနဲ့ တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အင်ဒိုနီးရှား စစ်တပ်အရာရှိတစ်ဦးက ပြောတယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ အခုတစ်ကြိမ်ပြုလုပ်မယ့် လေ့ကျင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာများနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်နေတဲ့ အငြင်းပွားမှုစတဲ့ ဒေသတွင်းပြဿနာကြီးများ ဖြစ်ပွားနေချိန် ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ အာဆီယံပြည်သူတွေ အကျိုးစီးပွားအတွက် ၀ိုင်း၀န်းဖြေရှင်းသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေး ဦးစီးချုပ် Margono Yudo ဘာတန်ကျွန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ငါးရက်ကြာကျင်းပမယ့်စစ်ရေးလေ့ကျင့်ပွဲမှာ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံက တပ်တွေပါ၀င်ဖို့ရှိတယ်လို့ အင်ဒိုနီးရှားက ထုတ်ဖော်ပြောဆိုပေမယ့် အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ နောက်ပိုင်းမှာ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံကို လေ့လာသူအနေနဲ့ပဲ ပါ၀င်ခွင့်ပြုမှာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။

အခုတစ်ကြိမ်ပြုလုပ်မယ့် လေ့ကျင်ပွဲမှာ အာဆီယံစစ်သည်တွေဟာ လူသားခြင်းစာနာမှု ဆိုင်ရာ အထောက်အကူများ ပေးပို့ခြင်းများ၊ သဘာ၀ဘေးအန္တရာယ် ကျရောက်ချိန်မှာ ကယ်ဆယ်ရေးနဲ့ အကူအညီများ ပေးပို့ခြင်းများနဲ့ ရေကြောင်းဆိုင်ရာ ပူးတွဲကင်းလှည့်ခြင်း လေ့ကျင်ခန်းများပြုလုပ်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။