မြန်မာပြည်ငြိမ်းချမ်းရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ အာဆီယံအကြီးအကဲတွေပြော
2025.02.12

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရှေ့တောင်အာရှမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ မြင့်တက်လာတာဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အရှိန်မြှင့်ဆောင်ရွက်ဖို့ မီးမောင်းထိုးပြနေတယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံအကြီးအကဲတွေက ပြောကြောင်း Free Malaysia Today(FMT) က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၉ ရက်နေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပချိန်ကာလအတွင်း FMT နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အခုလို ဖြေကြားခဲ့ကြတာလို့ ဆိုပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ မိုဟာမက် ဟာဆန်က ဒီပြဿနာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒဲ ဘာလင်ကူက လည်း ဒီကိစ္စကိုဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း ပံ့ပိုးကူညီဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကိုလည်း ကြိုဆိုကြောင်း ဘာလင်ကူက FMT ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ရှီကာတာ နိုရီယူကီကလည်း မလေးရှားနဲ့ ဂျပန်နိုင်ငံတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် မကြာခဏ ပစ်မှတ်ထားခံရတဲ့ နိုင်ငံတွေထဲ ပါဝင်နေကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မကျင်းပခင် သီးခြားတွေ့ဆုံမှုမှာ မြန်မာနိုင်ငံ အကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းရေး မလေးရှား၊ ထိုင်းနဲ့ ဘရူနိုင်းတို့ သဘောတူညီခဲ့ကြောင်း The Straits Times သတင်းမှာ ဇန်နဝါရီ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က တိုက်တွန်းပြောဆိုထားပါတယ်။