မြန်မာအစိုးရ တောင်းဆိုချက် အာဆီယံ စဉ်းစား
2011.05.09
AFP
မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ကို ဦးဆောင်နိုင်ဘို့ အတွက် ဒီမိုကရေစီလမ်းကို ဦးတည် လျှောက်လှမ်းနေတယ် ဆိုတာ ရိုးရိုးသားသား သက်သေပြသဖို့ လိုအပ်နေသေးကြောင်း၊ မြန်မာနိုင်ငံ အရေးကိစ္စကို ကမ္ဘာက အာရုံစိုက်နေကြတဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည် ဖော်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အာဆီယံ ဥက္ကဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ သမ္မတ စူစီလို ဘန်ဘန်း ယူဒိုယိုနိုက ညီလာခံ အပိတ် မိန့်ခွန်းမှာ ပြောကြားသွားခဲ့ ပါတယ်။
၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံတွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ပေး၊ မပေးဆိုတာနဲ့ ပတ်သက်လို့ အခုနှစ် နိုဝင်ဘာလ အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ အာဆီယံ တစည်းတလုံးတည်း ဖြစ်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်မှာဖြစ်တာကြောင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌတာဝန်ဟာ အထူး အရေးပါနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အာဆီယံ ခေါင်းဆောင်တွေဟာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီး ညီလာခံအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် အငြင်းပွားမှု ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ကြပါဘူး။
ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခဟာ အာဆီယံ ၁၀ နိုင်ငံရဲ့ ညီညွတ်ရေးကို ခြိမ်းခြောက်နေကြောင်း၊ ဒီပြဿနာအပေါ် အာဆီယံရဲ့ စည်းလုံးရေး စိတ်ဓါတ်နဲ့ အချင်းချင်း မိတ်ဆွေလို သဘောထားပြီး ဖြေရှင်းသင့်ကြောင်း အာဆီယံ ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံ ခေါင်းဆောင်တွေဟာ အခု ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံ အတွင်း စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ တောင်တရုတ် ပင်လယ်ပြင်က ပိုင်နက် အငြင်းပွားမှု၊ လူကုန်ကူးမှုနဲ့ အရှေ့တီမောကို အာဆီယံ အဖွဲ့ဝင်သစ် အဖြစ် လက်ခံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။