၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ကြပါတယ်။

2010.11.20
panglong_union_305_z.png မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
(RFA)

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။

ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများကနေပြီး ဒုတိယအကြိမ် ပင်လုံသဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး၊ ဒီမိုကရေစီ အင်အားစုများ အားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရစေလို့ မေတ္တာရပ်ခံတယ်။ အဲဒီလို မေတ္တာရပ်ခံပြီးတော့ ဇိုမီးအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသား ပြန်လည်သ့င့်မြတ်ရေး လိုလားတဲ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ မူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်းကို ပေးအပ်ပါတယ်။

မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အတွက် အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီးတွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ်တွေက  ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။