ဒီနေ့မနက် ၁၀ နာရီကနေ ၂ နာရီအထိ ရန်ကုန်မြို့ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံတဲ့ပွဲမှာ NLD ဥက္ကဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူငယ်လုပ်ငန်း
ဖေါ်ဆောင်ရေးအဖွဲ့တွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ဒီနေ့အစည်းအဝေးမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူ NLD လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအေးထွန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။
"တော်တော်များများကတော့ အန်တီပြောတဲ့ လမ်းကြောင်းပေါ်မှာဘဲ မေးကြတာရှိပါတယ်။ ဆက်သွယ်ရေးကွန်ယက် ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စမျိုးတွေ ဒါကိုလည်းသူတို့က အပြည့်အ၀ ထောက်ခံပါတယ်။ လုံခြုံရေးကိစ္စပြောတယ်၊ နောက် ဒုတိယ ပင်လုံ ညီလာခံခေါ်ဖို့ကိစ္စကို သူတို့အနေနဲ့ ထောက်ခံတယ်၊ ကြိုဆိုတယ်။ လိုအပ်တဲ့နေရာမှာ ဖြည့်ပြီးတော့ ဆောင်ရွက်သွားမယ်ပေါ့ဗျာ။ လူငယ် တော်တော်များများက ဒါတွေကို တင်ပြကြပါတယ်။ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်းကိုတော့ အန်တီ့ကို သူတို့အဲဒီမှာဘဲ တိုက်ရိုက်ဆွေးနွေးကြပါတယ်။"
ဒီနေ့လူငယ်အစည်းအဝေးမှာ တက်ရောက်လာတဲ့ လူငယ်အများစုဟာ အသက်အရွယ်ပိုင်းအရ ၃၅ နှစ် ပတ်ဝန်းကျင် အများစုဖြစ်တဲ့အတွက် နောက်နောင်မှာ မျိုးဆက်သစ် အသက် ၂၀ ပတ်ဝန်းကျင် လူငယ်ထုအနေနဲ့ပိုပြီးပါဝင်လာအောင်
ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ ကိုလည်း သဘောတူလိုက်ကြောင်း သိရပါတယ်။ ဒီနေ့အစည်းအဝေးကို NLD အဖွဲ့ဝင်မဟုတ်တဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ကြောင်း စုစုပေါင်း သုံးရာကျော်ရှိကြောင်း
သိရပါတယ်။
ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုံးကြိုင် နဲ့လူငယ်တာဝန်ခံ ကိုအေးထွန်း နဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။