ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့ အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2010.12.12
assk_press_11-15-2010_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မနေ့က နေ့လယ်ခင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ တယ်လီဖုန်းကတဆင့် တိုက်ရိုက် မေးမြန်းဆွေးနွေးခန်းမှာ ဒုတိယပင်လုံ သဘောထားရပ်တည်ချက်၊ တပ်မတော်အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီ ဒုတိယပင်လုံ ကိစ္စကို စပြီးတော့ လုပ်နေပါတယ်။ စပြီးတော့ လုပ်တဲ့အခါမှာ အန်တီတို့ရဲ့ ရည်ရွယ်ချက်ကို ထင်ရှားအောင်လို့ ပထမဦးဆုံး လုပ်ရမှာပါ။ စောစောက ပြောခဲ့သလိုပဲ ဒုတိယပင်လုံအတွက် အကြီးဆုံး ပြဿနာက နားလည်မှု လွဲမှားနေခြင်းပဲ။ ဒုတိယပင်လုံကို ဒါ သက်သက်စိမ်ခေါ်တာ၊ ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကို သွားတာ၊ အဲဒီလိုမျိုးတွေ ပြောနေတာကို အန်တီတို့က ဒါ မဟုတ်ပါဘူးလို့ သေချာ ရှင်းလင်းအောင်လို့ လုပ်ရမှာ ဒါ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒုတိယပင်လုံ၊ ၂၁ ရာစုနှစ် ပင်လုံ ဆိုတာဟာ စင်ပြိုင်အစိုးရလည်း မဟုတ်ဘူး၊ စင်ပြိုင်လွှတ်တော်လည်း မဟုတ်ဘူး၊ စင်ပြိုင်ညီလာခံလည်း မဟုတ်ဘူး၊ စင်ပြိုင် ဘာမှ မဟုတ်ဘူး။ တကယ်တော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့် စုစည်းမှုတခု ဖြစ်တယ်ဆိုတာကို တပ်မတော်ကရော၊ တခြား အစုအဖွဲ့တွေကရော နားလည်အောင် အန်တီတို့ ကြိုးစားရမှာ ဒါက ပထမအဆင့်ပါ။ အဲဒီလို နားလည်မှု ရသွားပြီဆိုမှ ပူးပေါင်းဆောင်ရွက်မှု အတွက် အန်တို့ ဆက်ပြီး ကြိုးစားရမှာပါ”

ဒီအစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နယ်စပ်မှာ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေရဲ့ လက်ရှိ အခြေအနေအပေါ် ဘယ်လို ကူညီ ဖြေရှင်းနိုင်မလဲ၊ နယ်စပ်က လက်နက်ကိုင်ပဋိပက္ခ အကြောင်းနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ အခြေအနေ ရှိမရှိ စတာတွေကို အဓိကထား မေးမြန်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေအကြား သဘောထားကွဲလွဲပြီး အဖွဲ့အစည်း ကွဲတာတွေနဲ့ ပတ်သက်လို့ မေးမြန်းတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ပြောကြားခဲ့ပါတယ်။

“ကိုယ် လုပ်နေတဲ့အလုပ်ကို ကိုယ်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရင် အခက်အခဲတွေကို အကွဲအပြဲ မရှိဘဲနဲ့ ကျော်လွှားနိုင်ပါတယ်။ အန်တီတို့ဆိုရင်လည်း အန်တီတို့အဖွဲ့ထဲမှာ အကွဲအပြဲတွေကို ကျော်လွှားခဲ့ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့က ကွဲချင်ပြဲချင်လို့ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အဲန်အယ်လ်ဒီဟာ အခုထက်ထိ နိုင်ငံရေးအင်အားစုကြီး တခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ ဒါပေမယ့်လည်း ကွဲသွားပြဲသွားချင်တဲ့ လူတွေကလည်း ရှိတာကိုး။ အဲဒီတော့ ကွဲတယ်ပြဲတယ် ဆိုတာ နှစ်ဦးနှစ်ဘက်နဲ့ ဆိုင်တယ်။ အန်တီတို့ကတော့ ဆက်ပြီး ကြိုးစားသွားမှာပဲ”

ဒီ လန်ဒန်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညို သတင်း ပေးပို့ထားတာကိုလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရန်ကုန်ကနေ ပါဝင်ဆွေးနွေးခဲ့တဲ့ NLD ခေါင်းဆောင် ဆရာကြီးဦးဝင်းတင်နဲ့ ပွဲစီစဉ်သူ NLD လွတ်မြောက်နယ်မြေ လန်ဒန်ဌာနခွဲက ဒေါက်တာဝင်းနိုင်တို့ကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်း တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။