ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားလူငယ်တွေ တွေ့ဆုံ
2011.02.10
RFA
ဒီကနေ့မနက်ပိုင်းက ကယားပြည်နယ်က လူငယ်အဖွဲ့နဲ့ တွေဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာလို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။
လူငယ်တွေက သူတို့လူငယ် အဖွဲ့တွေ ဖွဲ့ထားတဲ့ အကြောင်း၊ NLD လူငယ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ချင်ပါတယ်လို့ ပြောဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့တိုင်းရင်းသား ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိမ်းသိမ်းဖို့၊ ရိုးရာ အက၊ တေးသီချင်း၊ ဝတ်စားဆင်ယင်ပုံတွေကို လူကြီးများနဲ့ တွေ့ဆုံမေးမြန်းပြီး လုပ်ဆောင်ကြဖို့၊ ပိုပြီးညီညွတ် အရှိန်ရလာချိန်မှာ အခြား တိုင်းရင်းသားတွေနဲ့ ထိစပ် ချိတ်ဆက် ဆောင်ရွက်ရမယ်လို့ပြန်လည်ပြောဆိုခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောပြပါတယ်။
ဒါ့အပြင် လူငယ်အချင်းချင်း ချိတ်ဆက် လုပ်ဆောင်ရေး၊ လူမှု အကျိုးပြုလုပ်ငန်းတွေနဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှိရေး စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို မှာကြားခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတဲ့ ကယား လူငယ်အဖွဲ့မှာ အမျိုးသမီး ၃ ဦး အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပါတယ်။
ကယားလူငယ်တွေ အနေနဲ့လည်း သူတို့ ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ပြန်လည်ဆွေးနွေး ပြောကြား ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ကယားရိုးရာ ယဉ်ကျေးမှု လက်ဆောင်တွေကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂ ရက်ကလည်း တိုင်းနဲ့ပြည်နယ် အသီးသီးက ပါတီဝင် မဟုတ်တဲ့ လူငယ် ၅၀၀ ခန့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့မနက် ဒေါ်အောင်ဆန်းစုကြည်ကို ဆွစ်ဇာလန်နိုင်ငံ ရုပ်မြင်သံကြား သတင်းဌာန တစ်ခုက လာရောက် တွေ့ဆုံမေးမြန်းခဲ့သလို ဟောင်ကောင် အခြေစိုက် Next မဂ္ဂဇင်းကလည်း လာရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါတယ်။