ဒေါ်ခင်ကြည် အတွက် ဒေါ်အောင်ဆန်းစုကြည် ဆွမ်းကပ်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၂ နှစ်မြောက်နေ့အဖြစ် ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူခဲ့ကြောင်း သိရပါတယ်။

2010.12.27
Daw_Khin_Kyi.jpg ဒေါ်ခင်ကြည်နှင့် သားသမီးများဖြစ်သည့် အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည်
(Archive)
ကွယ်လွန်သူ မိခင်ကြီးအတွက် ရွှေတောင်တန်း သာသနာ့ရိပ်သာနဲ့ ချမ်းမြေ့ရိပ်သာကျောင်းက ဆရာတော် သံဃာတော် စုစုပေါင်း ဆယ်ပါးကို မနက် ၁၀ နာရီခွဲမှာ ဆွမ်းကပ်လှူခဲ့ပါတယ်။

ဒါ့အပြင် တခြား ဘာသာပေါင်းစုံက သာသနာပြု ပုဂ္ဂိုလ်တွေကလည်း ဒေါ်ခင်ကြည်အတွက် ဆုတောင်းပွဲ တရပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ ဒီကနေ့ နေ့ခင်း တနာရီခွဲမှာ ကျင်းပခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

"သိက္ခာတော်ရ ဆရာတော် ဒေါက်တာအာသာ ကိုလေးနဲ့ ခရစ်ယာန်အဖွဲ့၊ ဦးခင်မောင်ရွှေ ဦးဆောင်တဲ့ ခရစ်ယာန်အဖွဲ့၊ သိက္ခာတော်ရ ဆရာကြီး ရဂျီ ဦးဆောင်တဲ့ ရိုမင်ကက်သလစ် ဆုတောင်းအဖွဲ့၊ အစ္စလာန် ဓမ္မဗိမာန်က ဦးအေးလွင်နဲ့ အဖွဲ့၊ ဦးလှအောင် ဦးဆောင်တဲ့ ဟိန္ဒူ ဘာသာရေးအဖွဲ့တို့က မိခင်ကြီး ဒေါ်ခင်ကြည်အတွက် အလှည့်ကျ ဆုတောင်းကြပါတယ်"

ဆွေမျိုးသားချင်းတွေနဲ့ ဘာသာရေး ပုဂ္ဂိုလ်တွေရဲ့ မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီးရဲ့ ကျေးဇူးတရားတွေကို အနည်းငယ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကနေ့ အလှူပွဲကို NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ရောက်ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတိဂုံဘုရားအနီး ကန်တော်မင်မှာရှိတဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို သွားရောက်ပြီး ဂါရ၀ ပြုခဲ့ကြောင်း သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။