စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဝန်မလေး
2010.11.20
ကြာသပတေးနေ့က ရိုက်တာ သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ဒါဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရအောင် စစ်အစိုးရကို စေ့စပ်ဆွေးနွေးဖို့ ဆန္ဒနဲ့ မိမိ ရည်ရွယ်ချက်ကို အားအပါဆုံး ရုပ်လုံးဖော် ပြသတာပဲလို့ သတင်းဌာနက ဆိုပါတယ်။ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး မလုပ်ဘူးလို့ ချမှတ်ထားတာ မရှိသေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါပေမယ့် ဒီကိစ္စကို ဆွေးနွေးရမယ်၊ ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးမှာ ဘယ်လို ထိရောက်ပြီး ဘယ်အဆင့်တွေရှိမယ် ဆိုတာတွေ ဆွေးနွေးရပါမယ်၊ စစ်တပ် မလိုတော့ဘူးလို့ မပြောပါဘူး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ ဆိုတာထက် အလုပ်က အလွန်များနေပြီး သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဖို့ နယ်တွေကို ထပ်သွားဖို့ စီစဉ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
စစ်တပ်က နှစ် ၅၀ နီးပါး တိုက်ရိုက် အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်သစ်ကို သူ မြင်တွေ့လိုတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အာဏာရ စစ်ဗိုလ်ချုပ်တွေကို စေ့စပ် ဆွေးနွေးရေး စားပွဲဝိုင်းကို ခေါ်ဆောင်ဖို့ သူ့မှာ အကူအညီ လိုတယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှမှာ လွန်ခဲ့တဲ့ နှစ် ၅၀ က အချမ်းသာဆုံး နိုင်ငံတွေမှာ ပါဝင်ခဲ့ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက လူဦးရေ သန်း ၅၀ ရဲ့ သုံးပုံတပုံဟာ ဆင်းရဲတွင်း နက်နေကြချိန်မှာ စစ်အစိုးရကတော့ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေထိုင်နေရတဲ့အကြောင်း ပြောပြီး အဲဒီ ထိပ်တန်း ပြဿနာတွေဟာ အာဏာရသူတွေနဲ့ အလျဉ်းသင့် နီးစပ်သူတွေကို မျက်နှာသာ ပေးမှုကြောင့်လို့ အပြစ်တင်ပါတယ်။ ဒီလို အာဏာရှိသူတွေနဲ့ နီးစပ်သူတွေသာ ကောင်းစားရေးဝါဒဟာ တနေ့တခြား ပိုပြီး အားကောင်း လာနေတယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို လေ့လာမယ့် ကော်မတီ ဖွဲ့ပြီး လာမယ့် သီတင်းပတ်တွေအတွင်း အစီရင်ခံစာ တစောင် ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။