စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ ဘားအံကို ပြန်လည်ဆုတ်ခွာ

RFA Burmese
2024.07.31
စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ ဘားအံကို ပြန်လည်ဆုတ်ခွာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့အား မြဝတီမြို့တစ်နေရာတွင် ၂ဝ၂၄ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ် အောင်ဇေယျစစ်ဆင်ရေးက တပ်ဖွဲ့ဝင် ငါးရာလောက် ဘားအံမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကျားဖြူစစ်ကြောင်းက ပြောပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးတပ်တွေ ဘားအံမြို့ကို ပြန်ဆုတ်သွားတာလို့ အာရှလမ်းသစ်နဲ့ မြဝတီ၊ ကော့ကရိတ်တိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။

"ဒီအောင်ဇေယျစစ်ကြောင်းက ပြန်ဆုတ်သွားပြီပေါ့နော်၊ သူတို့မတိုးနိုင်တော့ တခြားနေရာတွေဘက်ကို သွားပြီးတော့ အင်အားဖြည့်တာလို့ သိရတယ်၊ မနေ့ကဆိုရင် လူ ၅၀၀ လောက်ကို ပြန်ခေါ်ဆင်းသွားတယ်ပေါ့နော်"

ကော့ကရိတ်၊ အာရှလမ်းသစ်၊ သင်္ဃန်းညီနောင်တစ်ဝိုက်က လက်လွတ်ဆုံးရှုံးထားတဲ့ စစ်တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်ဖို့အတွက် စစ်ကောင်စီက အင်အားတစ်ထောင်ကျော်အပြင် သံချပ်ကာတပ်၊ အမြှောက်တပ်၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ ဧပြီ ၉ ရက်နေ့ကစပြီး အောင်ဇေယျစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာ လေးလနီးပါး ရှိနေပါပြီ။

ဒီရက်ပိုင်းမှာပဲ ကော့ကရိတ်မြို့ ခလရ ၉၇ တပ်ရင်းနဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ၁၂ တပ်တွေ ပြန်စုပြီး ဘားအံနဲ့ လှိုင်းဘွဲ့မြို့ဘက်ကို တပ်တွေ ပြန်ရုပ်နေတာ တွေ့တယ်လို့လည်း ကော့ကရိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"တောင်ပါ်က စစ်တပ်တွေ ပြီးခဲ့တဲ့ ၂၅ ရက်လောက်က ကော့ကရိတ်ကနေ စကခ ၁၂ ဘက်ကို ပြန်ဆင်းလာတယ်၊ ဘားအံဘက် လှိုင်းဘွဲ့ဘက် ပြန်ဆင်းပို့တာမျိုး တွေ့တယ်။ အဲဒီရက်က ရေစကြီးတာနဲ့ ချောင်းရေတိုးနေတာဆိုတော့ ကားတန်းတွေရပ်ပြီး လမ်းကြောင်းပြောင်းပြီး ကားတွေခွဲသွား ကြတာ"

စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ဆုတ်သွားတာမဟုတ်ဘဲ အာရှလမ်းသစ်လမ်း ဒေါနတောင်တန်းအတွင်းမှာ ကင်းပုန်း စစ်ကြောင်းတချို့ ကျန်နေသေးတယ်လို့လည်း ကျားဖြူစစ်ကြောင်းက ပြောပါတယ်။

အာရှလမ်းသစ်လမ်းပိုင်းတစ်လျှောက်နဲ့ သင်္ဃန်းညီနောင်စစ်တပ်ဗျူဟာနဲ့ တပ်ရင်းနေရာတွေကို KNLA မဟာမိတ်တပ်ပူးပေါင်း PDF စစ်ကြောင်းတွေ ထိန်းချုပ်ထားဆဲပဲလို့ ကျားဖြူ စစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်း က ပြောပါတယ်။

"အကုန်လုံးတော့ မဆုတ်သေးဘူး။ သူတို့အနည်းအကျဥ်းတော့ ကျန်နိုင်တယ်၊ ၃၁ ဗျူဟာရယ်၊ ၃၂ ဗျူ ဟာရယ် စိုးမိုးထားတုန်းပဲ အခု လက်ရှိအထိ"

ကရင်ပြည်နယ်တွင်း အောင်ဇေယျစစ်ဆင်ရေးတပ်တွေ အခြေအနေနဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူတို့ကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။

မြဝတီ-ကော့ကရိတ်-အာရှလမ်းသစ် လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေနဲ့ ခလရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်း အပြင် သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကုန်းနေရာတွေကို KNLA နဲ့ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။