မြန်မာကို ကူညီထောက်ပံ့တဲ့ အစီအစဉ် အောင်မြင်မှုမရှိကြောင်း သြစတြေးလျပြော


2018.12.20
dassk-australia-fm-622.jpg သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၈ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီ အထောက်အပံ့တွေဟာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ မျှော်မှန်းထား တဲ့ စံနှုန်းတွေအတိုင်း အောင်မြင်မှုမရှိဘူးလို့ သြစတြေးလျအစိုးရက ပြောလိုက်ပါတယ်။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် မြန်မာကိုပေးနေတဲ့ ဒေါ်လာ ၈၄ သန်းအကူအညီနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနက ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် သုံးသပ်ချက်အစီရင်ခံစာထဲမှာ အခုလို ဖော်ပြထားတာပါ။

မြန်မာအစိုးရရဲ့ ပညာရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာ ကူညီရေး ကဏ္ဍတွေအတွက် ပေးတဲ့ အကူအညီတွေမှာ မျှော်မှန်းထားတဲ့အတွင်း ပြည့်မီပေမယ့်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့၊ စီးပွားရေးကဏ္ဍ တွေမှာတော့ အတိုင်းအတာ အနည်းငယ်လောက်သာ အောင်မြင်မှု ရှိတယ်လို့ ဆိုပါတယ်။ အလားတူပဲ ကျား-မ တန်းတူညီမျှရေးအပိုင်းမှာ စိုးရိမ်စရာတချို့ရှိနေပြီး တိုးတက်မှုမတွေ့ရဘူးလို့လည်း ပါရှိပါတယ်။

မြန်မာနိုင်ငံကို ကူညီထောက်ပံ့နေတဲ့ အစီအစဉ်တွေကို လာမယ့်နှစ် ပထမခြောက်လပတ်အတွင်း ပြန်ပြီး စစ်ဆေးသုံးသပ်မယ်လို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

သြစတြေးလျအစိုးရဟာ မြန်မာ့တပ်မတော်ကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်းတွေ၊ အင်္ဂလိပ်ဘာသာ စကား သင်တန်းတွေ၊ အစိုးရအရာရှိတွေအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေပေးဖို့ ပြီးခဲ့တဲ့နှစ် အတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းကိုးသောင်း သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ဌာနကတော့ ဒီငွေတွေကို မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကိစ္စတွေအတွက် တိုက်ရိုက်ထောက်ပံ့တာ လုံးဝ မရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။