မြန်မာကို သြစတြေးလျက ဒေါ်လာ ကိုးသန်းကူညီမည်

RFA Burmese
2024.10.14
မြန်မာကို သြစတြေးလျက ဒေါ်လာ ကိုးသန်းကူညီမည် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ထွက်ပြေးနေကြရသည့် စစ်ဘေးဒုက္ခသည်ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

သြစတြေးလျ လူသားချင်းစာနာရေး အကူအညီပေးရေးမိတ်ဖက်အဖွဲ့ကတစ်ဆင့် ပဋ္ဋိပက္ခကြောင့် ထိခိုက်နစ်နာသူတွေကို ထောက်ပံ့ဖို့ မြန်မာနိုင်ငံကို သြစတြေးလျနိုင်ငံက ဒေါ်လကိုးသန်း ကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒေသငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးအကျယ်ဂယက်ရိုက်စေတဲ့ မြန်မာနိုင်ငံက ပိုဆိုးဝါးလာတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာရေး အခြေအနေတွေကို သြစတြေးလျက အထူးစိုးရိမ်နေမြဲ ဖြစ်ပါကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

အခု ကူညီမယ့်ပမာဏကိုပါ ပေါင်းလိုက်ရင် ၂ဝ၁၇ ခုနှစ်ကစပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် သြစတြေးလျက လူသားချင်းစာနာရေး အကူအညီပေးတာ ဒေါ်လာ သန်း ၈၈၀ ရှိသွားပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ ၃ ဒသမ ၄ သန်းရှိနေပြီး လူ ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာရေး အကူအညီ လိုအပ်နေပါတယ်။ သြစတြေးလျအကူအညီဟာ အလိုအပ်ဆုံးသူတွေအတွက်ဖြစ်ပြီး စစ်ကောင်စီဆီ တိုက်ရိုက်သွားမှာ မဟုတ်ဘဲ စစ်ကောင်စီကိုလည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုတဲ့ အသုံးအနှုန်း သုံးထားပါတယ်။

စကားလုံးနဲ့ဖော်ပြလို့ မရနိုင်တဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြံ့ကြံ့ခိုင်ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို သြစတြေးလျက ဆက်လက်အထောက်အကူပေးသွားမယ်လို့လည်း ပြောပါတယ်။

အရပ်သားတွေကို အကြမ်းဖက်နေတာ ရပ်ဆိုင်းဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့၊ အကူအညီတွေကို အရောက်ပေးခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားဖို့လည်း စစ်ကောင်စီကို သြစတြေးလျက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။