အင်းစိန်ထောင် အမျိုးသမီးဆောင်မှာ သောက်ရေဖြတ်ခံထားရ
ရန်ကုန် အင်းစိန်ထောင်တွင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေနေရတဲ့ အဆောင်တချို့ကို အာဏာပိုင်တွေက သောက်သုံးရေ ဖြတ်ထားတာကြောင့် သန့်စင်ခန်းသုံး ရေတွေကို သောက်သုံးနေကြရတယ်လို့ ထောင်ဝင်စာသွားတွေ့ခဲ့သူတွေက RFA ကိုပြောပါတယ်။
ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို ထောင်အာဏာပိုင်တွေဘက်က အချိန်မှီ ဆေးရုံပို့ မီးဖွားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ကလေးသေဆုံးခဲ့ရပြီးနောက် ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသူတွေ ထောင်တွင်း ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလိုဆန္ဒပြပြီးနောက် ထောင်အာဏာပိုင်တွေဘက်က ရေဖြတ်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်ဝင်စာသွားတွေ့ခဲ့သူက ပြောပါတယ်။
"အခုလောလောဆယ် အိမ်သာရေတွေ သောက်နေရတယ်လို့ ပြောကြတယ်၊ သောက်ရေမပေးတာ ဆန္ဒပြပြီးကတည်းက မပေးတာလို့ ပြောပါတယ်။အကျဉ်းခန်း တစ်ခန်းကို နိုင်ငံရေးအကျဉ်းသူ ၆၀ ကနေ ရဝ ကြားထားတာ၊အကုန်လုံးက အိမ်သာရေသောက်နေရတဲ့ သဘောပေါ့"

သောက်ရေဖြတ်ခံထားရတဲ့ အဆောင်က အကျဉ်းသူ အယောက် ၇ဝ နီးပါး သန့်စင်ခန်းရေ သောက်နေရတယ်လို့ ဆိုပါတယ်။ သန့်စင်ခန်းရေသောက်နေရတာလို့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတစ်ချို့ ဝမ်းရောဂါနဲ့ တစ်ခြားရောဂါတွေ ဖြစ်နေတယ်လို့လည်း ထောင်ဝင်စာသွားတွေ့ခဲ့သူက ဆိုပါတယ်။
အမျိုးသမီး နိုင်ငံရေး အကျဉ်းသူတွေရဲ့ အဆောင်တွေကို သောက်ရေဖြတ်ထားတာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ရန်ကုန်၊ အင်းစိန်ထောင်အတွင်း အခန်းကျဉ်းလေးတစ်ခန်းထဲမှာ လူဒါဇင်နဲ့ချီ စုပြုံနေကြရပြီး၊ ရေချိုးရဖို့ တန်းစီနေတာ၊ အပူဒဏ်ကို အန်တုပြီး ကြမ်းပြင်ပေါ်မှာ ကျဉ်းကျဉ်း ကျပ်ကျပ် အိပ်နေရပုံတွေကိုလည်း ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကျောတစ်ခင်းစာနေရာရဖို့ ငွေပေးနေရတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုမရသလို ရောဂါတွေလည်း ထူပြောနေတယ်လို့ ထောင်ကပြန်လွတ်လာသူတစ်ဦးကို ကိုကားပြီး သတင်းမှာ ဖော်ပြခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်းက အမျိုးသား၊အမျိုးသမီး ၁၀၉၉၈ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။