ဧရာ၀တီတိုင်းမှာ အထင်ကရ နိုင်ငံရေးသမားဓာတ်ပုံတွေ့ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်

RFA Burmese
2023.05.29
ဧရာ၀တီတိုင်းမှာ အထင်ကရ နိုင်ငံရေးသမားဓာတ်ပုံတွေ့ရင် ဖမ်းမယ်လို့ ခြိမ်းခြောက် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနီး စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Myanmar Digital Newspaper

ဧရာ၀တီတိုင်းကမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဧည့်စာရင်း မကြာခဏ စစ်နေသလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထင်ကရနိုင်ငံရေးသမားဓာတ်ပုံတွေ ဖုန်းထဲရှိတာ ဒါမှမဟုတ် နေအိမ် မှာ ချိတ်ဆွဲထားတာတွေ့ရင် ဖမ်းဆီးမယ်လို့ပါ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အထင်ကရပုဂ္ဂိုလ်တွေရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အကောင့်တွေမှာ Like ပေးတာ၊ Comment ရေးသားတာကိုပါ ဖမ်းဆီးတာရှိတယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက RFA ကို ပြောပါတယ်။ 

“ဒေါ်အောင်ဆန်းစုကြည်ပုံတင် မဟုတ်ဘူးဗျ။ မြို့နယ်က အထင်ကရနိုင်ငံရေးသမား တွေရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ Like ပေးရင်၊ Comment ရေးရင်လည်းဖမ်းတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် အပြင် သမ္မတဦးဝင်းမြင့်ပုံကို ဧည့်စာရင်းစစ်တဲ့ အချိန်မှာပေါ့ နံရံမှာ ကပ်ထားတာတွေ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ်”

အဆောင်နဲ့ အိမ်ငှားများတဲ့ရပ်ကွက်တွေမှာ ဧည့်စာရင်းမကြာခဏစစ်နေသလို ပုသိမ်နဲ့ ရေကြည်မြို့နယ်ထဲက တချို့ရပ်ကွက်တွေမှာဆိုရင် ညတိုင်းပါ ဧည့်စာရင်းစစ်နေတယ် လို့လည်း ဆိုပါတယ်။

ဧရာ၀တီတိုင်းထဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေ မေလနဲ့ ဇွန်ထဲမှာ ဝင်ရောက် မယ်လို့ သတင်းတွေ ပျံ့နှံ့နေတာကြောင့် အခုလို ဧည့်စာရင်းမကြာခဏစစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုမှုတွေအပေါ်  RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို  စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ တစ်နိုင်ငံလုံးနီးပါး ဧည့်စာရင်းအကြောင်းပြ စစ်ဆေးနေပြီး သံသယနဲ့ ဖမ်းဆီးတာတွေပါ ရှိနေတာပါ။

လက်ရှိအချိန်အထိ ဧရာ၀တီတိုင်းမှာ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရသူ ဘယ်နှဦး ရှိပြီလဲဆိုတာကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၉ ရက်နေ့ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၁၈,၄၀၇ ဦး ဖမ်းဆီးခံထားရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။