ဧရာဝတီတိုင်းမှာ စက်သုံးဆီဝယ်ဖို့ ခက်ခဲတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေ
2023.12.20
ဧရာဝတီတိုင်းမှာ စက်သုံးဆီဝယ်ယူတဲ့အပေါ် ကန့်သတ်စစ်ဆေးမှု လုပ်နေတာကြောင့် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဝယ်ယူဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
မြောင်းမြမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ဘိုကလေးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက လိုင်စင်မရှိဘဲ စက်သုံးဆီ လက်လီ ရောင်းချမှုတွေနဲ့ ဝယ်ယူမှုအပေါ် စစ်ဆေးအရေးယူနေတာပါ။
အဲဒီလို စစ်ဆေးအရေးယူမှုတွေ လုပ်တာကြောင့် ဘိုကလေးမြို့နယ်အာက်ပိုင်းက ရွာတွေမှာ ဒီဇယ်တစ်ပီပါကို ငွေကျပ် ဆယ်သိန်းဝန်းကျင်အထိ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ဆီတစ်လီတာ ငွေကျပ်ငါးထောင်ခန့်အထိ မြင့်တက်သွားပြီး လိုချင်သလောက်လည်း ဝယ်မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်လီရောင်းချသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာမှာက ဓာတ်ဆီဆို လေး၊ ငါးထောင်နဲ့ အဲဒီလို ရောင်းကြတာပေါ့။ တို့က ဘိုကလေးကို မှာရောင်းတာလေ။ အခု ရှပ်ပြေးမှာ အဲလိုချတာတောင်မှပဲ မနေ့တုန်းက သူတို့ စစ်တာဆေးတာနဲ့ ဆီပုံးတွေမှ ဂါလံပုံးတွေပေါ့။ အဲဒါ လေးငါးခြောက်ပုံးတင်တာ ရစ်လို့ အဲဒီမှာ ပိုက်ဆံတွေဘာတွေ တော်တော်ပေးရတယ် ပြောတယ်"
ဘိုကလေးမြို့နယ်မှာ ဓာတ်ဆီဝယ်ယူဖို့ ခက်ခဲသွားသလို မြို့ကိုသွားဝယ်တဲ့အခါ ထောက်ခံစာနဲ့ ဝယ်ယူရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးအောက်ပိုင်းက ရွာတွေမှာ ဓာတ်ဆီလိုသလောက်ဝယ်မရဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရေလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လိုသလောက်မရဘူး။ တစ်ယောက်မှ တစ်ဂါလံလောက်ပဲ ရတယ်။ လေးလီတာပဲ ရတယ်။ တစ်နေ့ကို လေးလီတာလောက်ပဲ ရောင်းပေးတယ် ဆိုင်က။ အများကြီး ထုတ်မရောင်းဘူး။ အဲဒါတောင် တစ်လီတာ ၄၅၀၀။ ဒါတောင် ရင်းနှီးလို့။ မရင်းနှီးတဲ့သူဆိုရင် ဝယ်နေကျ ဆိုင်မဟုတ်ရင် တစ်လီတာပဲ ပေးတယ်"
မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းအုပ်စုမှာတော့ စက်သုံးဆီကို မြို့ကနေသယ်တဲ့အခါ ဖမ်းဆီးမှုပါရှိတာကြောင့် လက်ရှိ ရွာတွေမှာ ဒီဇယ်လေးဂါလံ တစ်ပုံးကို ၆၂၀၀၀ ကျပ်ပေါက်စျေးရှိပြီး ဓာတ်ဆီကတော့ ဝယ်မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်ကျွန်းဒေသခံ လယ်သမားတစ်ဦးကလည်း ဆီဝယ်မရတာကြောင့် လယ်သမားတွေ၊ ရေလုပ်သားတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
"အခုက မြို့ကနေပြီးတော့တင်ရင် ဖမ်းတယ်ဆိုတော့ နယ်တွေမှာ ဆီတွေက မရှိတော့ဘူး။ လယ်သမားတွေရော၊ ရေလုပ်သားတွေရော၊ ခရီးသွားလာရေးတွေရော အခက်အခဲတွေ ဖြစ်တာပေါ့။ အဲဒီတော့ ဘယ်တော့ပြန်ဖွင့်ပေးမလဲ။ ဘယ်လို မူတွေလည်းတော့ မသိဘူးလေ။ အခုအချိန်မှာ လယ်သမားတွေက အသည်းအသန် အချိန်လု လုပ်နေရတဲ့ အချိန်ဆိုတော့ အခက်အခဲတွေဖြစ်တာပေါ့"
မြောင်းမြမြို့ပေါ်က စက်သုံးဆီဆိုင်တွေကတော့ လိုင်စင်နဲ့ ရောင်းကြပေမယ့် နယ်ဘက်တွေမှာတော့ တစ်လီတာ ကျပ်လေးထာင် အနည်းဆုံးနဲ့ မှောင်ခို ရောင်းချနေသူတွေ ရှိလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်းမြ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲသွားပေမယ့် မဖြစ်မနေ လိုအပ်နေသူတွေကတော့ မတန်တဆစျေးတွေနဲ့ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
လိုင်စင်မရှိဘဲ စက်သုံးဆီရောင်းချမှုတွေကို ဖမ်းဆီးနေတာနဲ့ စက်သုံးဆီရှားပါးပြီး စျေးနှုန်းမြင့်တက်နေတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို တင်သွင်းမှုရဲ့ ၄၀ ရာခိုင်းနှုန်းအတွက် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို ငွေကျပ်၂၁၀၀ နဲ့ အရင်က ရောင်းချပေးခဲ့ပေမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရပ်လိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေဟာ အမေရိကန်ဒေါ်လာကို အပြင်ပေါက်စျေးအတိုင်း ဝယ်ယူတင်သွင်းရတာကြောင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး စက်သုံးဆီပြတ်လပ်မှုနဲ့ပါ ကြုံခဲ့ကြရတာပါ။