ဧရာဝတီတိုင်းမှာ အလင်းဝင်တဲ့ PDF တွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စည်းရုံးနေကြောင်း ဒေသခံတွေ ပြော

RFA Burmese
2023.12.06
ဧရာဝတီတိုင်းမှာ အလင်းဝင်တဲ့ PDF တွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စည်းရုံးနေကြောင်း ဒေသခံတွေ ပြော ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် အလင်းဝင်လာသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်းမှာ စစ်ကောင်စီထံ အလင်းဝင်ဘက်ပြောင်းလာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင်တွေကို နိုဝင်ဘာ နောက်ဆုံးအပတ်ကစပြီး ပြည်သူ့စစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ စည်းရုံးတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေနဲ့ ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့က ပြောပါတယ်။

ပုသိမ်၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီထံ အလင်းဝင်လာသူတွေကို စည်းရုံးနေတာလို့ ဆိုပါတယ်။

အဲဒီအထဲက စစ်သင်တန်း တက်ရောက်ပြီးသူတွေအပြင် သင်တန်းမတက်ရသေး သူတွေကိုလည်း သင်တန်းတက်ချိန်မှာ ပိုက်ဆံနဲ့ စားဖို့ပါ ပေးမယ်ဆိုပြီး စည်းရုံးခေါ်ယူနေတာလို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ရေကြည်မြို့နယ်၊ ပုသိမ်မြို့နယ်၊ ကျုံပျော်မြို့နယ်တွေမှာ အလင်းဝင်သွားတဲ့သူတွေကို စစ်ကောင်စီက နေပြီးတော့ အဲဒီအထဲမှာပါတဲ့ ခေါင်းဆောင်ပိုင်း ပုံစံမျိုးစုံတွေက ခေါ်ယူတွေဆုံပြီးတော့ အချင်းချင်းပြန်ပြီးတော့ ပြည်သူ့စစ်မှာ တာဝန်ထမ်းဆောင်ဖို့တွေ၊ နောက်ပြီးတော့ အချင်းချင်းပြန်ပြီးတော့ စည်းရုံးခိုင်းတာတွေ၊ ပြည်သူကို စည်းရုံးခိုင်း တာတွေကတော့ ထဲထဲဝင်ဝင် အခုနှစ်ပတ်အတွင်းမှာ လုပ်ဆောင်လာပါတယ်"

ဧရာဝတီတိုင်းမှာ စစ်ကောင်စီထံ အလင်းဝင်သွားသူ တစ်ရာကျော်လောက်ရှိပေမယ့် အဲဒီအထဲက အများစုဟာ (PDF) တပ်ရင်းတွေထံမှာ လာရောက်ခိုလှုံကြတာလို့ ဆိုပါတယ်။

ဒီဇင်ဘာလထဲမှာလည်း သာပေါင်းမြို့နယ်က စစ်မှုထမ်းဟောင်းနဲ့ ရဲမှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူတာ ရှိခဲ့သလို ငပုတောမြို့နယ်က ပင်စင်ယူထားတဲ့ ဆေးတပ်သားတစ်ဦး အပါအဝင် ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်ကောင်စီကိုထောက်ခံတဲ့ ပြည်သူ့စစ်တွေနဲ့ စွမ်းအားရှင်လို အဖွဲ့ဝင်တွေကို စက်တင်ဘာလခန့်ကစ‌ပြီး စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

စစ်သင်တန်းတွေကို ပုသိမ်မြို့မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ခလရ (၂၇၁) နဲ့ အမှတ် (၆) လေ့ကျင့်ရေး သင်တန်းကျောင်း၊ ကျုံပျော်မြို့နယ်မှာ ခလရ (၃၆) စတဲ့နေရာတွေမှာ သင်တန်းပေးနေတာလို့ ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အောက်တိုဘာလထဲမှာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က အသက်(၂၀) အရွယ် လူငယ်တစ်ဦး အလင်းဝင်ပြီး နောက်ပိုင်း မန္တလေး (PDF) နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျုံပျော်မြို့မှာရှိတဲ့ ခလရ (၃၆) တပ်ရင်းက ခေါ်ယူစစ်ဆေးခဲ့ချိန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။