ပုဂံဒေသ မိုးကြီးလို့ ရှေးဟောင်းဘုရားစေတီတချို့ ထိခိုက်ပျက်စီး
2024.09.14
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာနဲ့ ရေဝင်ရောက်တာတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။
ရွှေစည်းခုံ၊ သဗ္ဗညုနဲ့ ထီးလိုမင်းလို ဘုရားတို့မှာ စောင်းတန်း၊ အုတ်တံတိုင်းနဲ့ မုခ်ဦးတွေ ထိခိုက်ပျက်စီးတာ၊ ငှက်ပစ်တောင်အစုက ဘုရားအမှတ် ၁၈၂ နဲ့ ၁၆၇ တို့မှာ ဘုရာပစ္စယံအောက်ပိုင်းပဲ့ကျတာနဲ့ ရင်ပြင်အုတ်ခုံတွေ ပဲ့ကျတာတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ဘုရားအမှတ်-၁၀၄၂၊ ဘုရားအမှတ်-၇၁၁နဲ့ ဘုရားအမှတ် ၃၄၅ တို့မှာလည်း စေတီနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာပါ။
မိုးကြီးတာကြောင့် အာနန္ဒာဘုရားနဲ့ စူဠာမဏိဘုရားတို့မှာ မိုးရေတင်နေတာအပြင် သရပါတံခါးအနီးက ရှေးဟောင်းပုဂံကျုံး နေရာမှာလည်း ရေလျှံခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲအစည်းတွေက ရေစုပ်ထုတ် တာတွေ လုပ်နေတယ်လို့ ပုဂံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မိုးက နှစ်ရက်လောက် ဆက်တိုက်ရွာလိုက်တော့ ပုဂံမှာ ရေတွေပြည့်ကုန်တယ်။ ဘုရားတွေကလည်း နှစ်လည်းကြာပြီဆိုတော့ တချို့လည်း ပျက်စီးတာတွေရှိတယ်။ သရပါတံခါးရှေ့မှာ ရေကျော်နေတာတွေကိုတော့ ရှေးဟောင်းဌာနက သူတို့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေတယ်”
ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂုံဌာနခွဲ) တာဝန်ရှိသူတွေက ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မိုးကြီးမှုကြောင့် ညောင်ဦး-ပုဂံ-စဥ့်ကူး-ချောက် လမ်းအပါအဝင် ပုဂံဒေသက ကားလမ်းတချို့လည်း ရေကျော်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် မြို့နယ်ပေါင်း ၃၄ မြို့နယ်က အိမ်ထောင်စု ခြောက်သောင်းနီးပါး (၅၉,၄၁၃) နဲ့ လူဦးရေ နှစ်သိန်းလေးသောင်းနီးပါး (၂၃၆,၆၄၉) ကို ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခုကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။