KNU နယ်မြေမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ ခုနစ်ဦး ထိခိုက်
2024.10.28
ကရင်အမျိုးသားအစည်းအရုံ (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် (လယ်ဒို) နဲ့ မွန်ပြည်နယ် ရေးမြို့နယ် (ဝင်းရေး) တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး၊ ခုနစ်ဦး ဒဏ်ရာရတယ်လို့ KNU က အောက်တိုဘာလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ် (ဝင်းရေး) မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချတာကြောင့် ပနော်ကလဲခီးရွာက အသက်သုံးဆယ်အရွယ် စောသဲမူး သေဆုံးပြီး နောက်ထပ် အမျိုးသမီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံးနဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း ပျက်စီးသွားတယ်လို့ KNU က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒို) မှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၄) က လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ လက်ခံရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် သောင်ပု (ကတို) ရွာနဲ့ တောကြောင်ပေါက်ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၁၅ အရွယ် ကလေး တစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရသွားတယ်လို့ KNU က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အခုလ အစောပိုင်းမှာပဲ KNU ထိန်းချုပ်နယ်မြေတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။