ပဲခူးပစ်ခတ်မှု သေဆုံးသူ ၈ဝ ကျော်လာ၊ ၂ဝဝ ကျော် ပျောက်ဆုံးနေ

စောဖိုးခွား
2021-04-10
Share

ပဲခူးမြို့မှာ ဧပြီ ၉ ရက် မနေ့က ပစ်ခတ်မှုကြောင့် သေဆုံးသူ အယောက် ၈၀ ကျော် ရှိသွားပြီလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တွေနဲ့ လူမှု အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။

သပိတ်ခေါင်းဆောင်တစ်ဦးက "ဒဏ်ရာရတဲ့သူတွေကို ဆေးမကုပေးဘူး၊ အဲ့ဒီကျတော့ သွေးထွက်လွန်ပြီး သေကုန်ရင်း အရေအတွက်က တိုးလာတာ။ မနေ့က အလောင်းပြန်မကောက်ခိုင်းဘူး၊ မနေ့က ၅၀ ကျော်ကနေ ဒီနေ့ ၈၃ ယောက်ထိ ရှိလာတယ်။ ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ မိသားစုတွေကို အကြောင်းကြားတယ်။ အလောင်းလာထုတ်ရင် ငွေတစ်သိန်း နှစ်သောင်းပေး ဆိုပြီး တောင်းနေတယ်လို့ သတင်းတွေတက်လာတယ်။ အဲ့ဒီလို တောင်းနေတဲ့သတင်းကလည်း အမှန်လို့ ကျနော်တို့ သိရတယ်" လို့ RFA ကိုပြောပါတယ်။

မနေ့က ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မဂ္ဂတစ်၊ စံတော်တွင်း၊ မော်ကန် ရပ်ကွက်သုံးခုကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တာပါ။ မနေ့က သေဆုံးသူ ၅၇ လောင်းကို စစ်တပ်က သိမ်းဆည်းသွားတယ်လို့ မျက်မြင်ဒေသခံတွေက RFA ကိုပြောပါတယ်။

အလောင်း ၅၇ လောင်းကို သယ်ဆောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ အလောင်းတွေ ပြန်ထုတ်ဖို့ စစ်ကောင်စီတပ်သားတွေက ငွေတောင်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောဆိုချက်ကို RFA က မသိရသေးပါဘူး။

ဒီနေ့ ပဲခူးမြို့ပေါ်မှာ ပစ်ခတ်မှုတွေ မရှိဘဲ အနီးအနား ကျေးရွာတွေဖြစ်တဲ့ သေနတ်ပင်၊ ဇီးရောင်ပင်၊ ကျိုက်ပဒိုင်စတဲ့ ရွာဘက်တွေကို စစ်ကောင်စီက လိုက်လံပစ်ခတ်နေတယ်လို့ သိရပါတယ်။ မနေ့က ပစ်ခတ်မှုကြောင့် နီးစပ်ရာ အဲ့ဒီရွာတွေကို ဆန္ဒပြလူငယ်တွေ ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်ပါတယ်။

သပိတ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ လူမှုအကူအညီ ပေးနေသူတစ်ဦးက… သပိတ်မှာပါဝင်တဲ့ လူငယ်အယောက် ၂၀၀ လောက် အဲ့ဒီရွာတွေမှာ ပိတ်မိနေတာကြောင့် ကူညီကယ်ထုတ်ပေးနေရတယ်လို့ RFA ကို ပြောပါတယ်။

"ရွာတွေဘက် ကလေးတွေကို လိုက်ပစ်နေလို့ ကယ်ထုတ်နေရတယ်၊ ပျောက်နေတဲ့ကလေးတွေ ပိတ်မိနေတဲ့ကလေးတွေ ၂၀၀ လောက် ရှိတယ်လို့ ကျနော်တို့ သတင်းရထားတယ်၊ ဒီမနက်ကျနော်တို့ ၄၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်၊ ခုလည်း ဗကသ ကျောင်းသားတွေကို ကယ်ဖို့ သွားနေတယ်၊ ကလေးတွေပိတ်မိနေတဲ့ ရွာတွေကို စစ်ကောင်စီက လိုက်ပြီး ပစ်နေတယ်၊ တကယ့်စစ်ဘေးဒုက္ခသည်တွေလိုဘဲ ပြေးနေကြရတယ်"လို့ RFA ကို ပြောပါတယ်။

ဒီနေ့ ပဲခူးမြို့မှာ ပစ်ခတ်မှုတွေမရှိပေမယ့် မနေ့က ပစ်ခတ်ခံရတဲ့ မဂ္ဂတစ်၊ စံတော်တွင်း၊ မော်ကန်ရပ်ကွက်တွေဘက်မှာ တစ်အိမ်တက်ဆင်း လိုက်လံပြီး သပိတ်မှာ ပါဝင်သူတွေကို ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဖြိုခွဲမှုမှာ လက်နက်ကြီးတွေပါသုံးပြီး ပစ်ခတ်ဖြိုခွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိပဲခူးမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၆၈၀ ကျော် ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့