ပဲခူးမှာ လူတစ်သောင်းနှစ်ထောင်ကျော် ရေဘေးသင့်
2023.08.10

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ ဩဂုတ်လ ၈ ရက်နေ့ကစလို့ မိုးဆက်တိုက်ရွာသွန်းမှုနဲ့ ပဲခူးမြစ်ရေလျှံမှုကြောင့် ဩဂုတ်လ ၁၀ ရက် ဒီနေ့နေ့လယ်ပိုင်းအထိ ရေဘေးသင့်သူ တစ်သောင်းနှစ်ထောင်ကျော် (၁၂၄၆၁ ဦး) အထိရှိလာတယ်လို့ ရေဘေးသင့်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ရရှိတဲ့စာရင်းတွေအရ ပဲခူးမြို့ပေါ်က ရပ်ကွက် ၁၁ ခုနဲ့ ကျေးရွာ ခြောက်ရွာက အိမ်ထောင်စု ၂၉၇၃ စုဟာ ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အဲဒီရပ်ကွက်ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေအတွက် ယာယီခိုလှုံဖို့နေရာ ၂၉ နေရာကို ရပ်ကွက်အလိုက် ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ ဖွင့်လှစ်ပေးထားတယ်လို့ ရေဘေးသင့်သူတွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း မိုးဆက်လက်ရွာသွန်းနေတာကြောင့် ရေဆက်တက်လာနိုင်ပြီး ရေဘေးဒုက္ခသည် အရေအတွက် ပိုများလာနိုင်တယ်လို့ မြို့သစ်ရပ်ကွက်မှာ ရေဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အခုလည်း မိုးကဆက်ရွာနေတာဆိုတော့ ရေကထပ်တက်လာဖို့ရှိတယ်။ ရေဘေးဒုက္ခသည်လည်း ပိုများလာဖို့ရှိတာပေါ့။ ကျွန်တော်တို့ မြို့သစ်ရပ်ကွက် ဘုန်းကြီးကျောင်းတွေမှာတောင် လက်ရှိ ရေဘေးဒုက္ခသည် ငါးရာကျော်ရှိနေပါတယ်”
အခုချိန်မှာ ရေဘေးသင့်ဒုက္ခသည်တွေအတွက် စားရေးသောက်ရေး အဓိကလိုအပ်နေပြီး ရပ်ကွက်အလိုက် အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ထမင်းထုပ်ပေးဝေတာတွေ ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ဟာ ၈၈၀ စင်တီမီတာဖြစ်ပြီး ဒီနေ့ မနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်အရ မြစ်ရေဟာ ၉၃၃ စင်တီမီတာအထိ စိုးရိမ်ရေမှတ် ကျော်လွန်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် စစ်ကောင်စီရဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ခရိုင်၊ မြို့နယ်အလိုက် သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ဘေးလွတ်ရာရွှေ့ပြောင်းရေးနဲ့ အစားအစာထောက်ပံ့ ကူညီမှုတွေကို ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးက RFA ကို ပြောပါတယ်။
ဩဂုတ်လအစပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ ရေဘေးသင့်ပြည်သူ သုံးသောင်းနီးပါး ရှိလာနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။